ဆက်သွယ်ရေးကဏ္ဍ၌ 5G အလွန်ခေတ်ကို ဂျပန် ဦးတည်အကောင်အထည်ဖော်

15-Dec-2020

တိုကျို   ဒီဇင်ဘာ   ၁၄

ဂျပန်နိုင်ငံအနေဖြင့် ဆက်သွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် တိုးတက်ရေးအတွက် အထူးအဖွဲ့အစည်းသစ် တစ်ရပ်ကို ထူထောင်ကာ  5G အလွန်ခေတ်ကာလကို ရည်ရွယ်ဖော်ဆောင်နေပြီ ဖြစ်ကြောင်း   ဆက်သွယ်ရေးဝန်ကြီး တာကီဒါရိုင်အိုတာက ယနေ့တွင် ပြောကြား သည်။

အဆိုပါ အဖွဲ့သစ်သည်  နည်းပညာတိုးတက်ရေးအပိုင်းကိုသာမက နည်းပညာနှင့်ဆက်စပ်သည့်  စီးပွားရေးမဟာဗျူဟာ ဖော်ဆောင်ရေး အပိုင်းကိုပါ  တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။ ဂျပန်နိုင်ငံ၏ ဆက်သွယ်ရေးပိုင်းနည်းပညာ တည်ဆောက်မှုအားလုံးမှာ 6G (သို့မဟုတ်) 5G အလွန်ခေတ်ကိုသာ ဦးတည်ဖော်ဆောင်သွားမည်ဖြစ် သည်။ အဆိုပါဆောင်ရွက်မှုများက ၂၀၃၀ ပြည့်နှစ် ရောက်သည့် အချိန်အထိ  ခေတ်ကာလလိုက်လျောညီထွေဖြစ်မည့်  ဆက်သွယ်ရေးစံချိန် စံညွှန်းများ ဖြစ်နေမည်ဖြစ်သည်။

“ပညာခေတ်ဆိုတာ ပညာတတ်တွေနဲ့ အစိုးရပူးပေါင်းဆောင်ရွက်ပြီး တွေ့ရှိချက်တွေကို လက်တွေ့ကမ္ဘာဆီ ဖော်ဆောင်တာမျိုးပါ။ ထူထောင်လိုက်တဲ့အဖွဲ့သစ်က   ကိုယ်ပိုင်သုတေသနပြုမယ်၊ နိုင်ငံ တကာအသိုင်းအဝိုင်းနဲ့ သတင်းအချက်အလက်တွေ ဖလှယ်ကြမယ် ဆိုရင်  5G ခေတ်လွန်ကာလကို မျှော်မှန်းဆောင်ရွက်ရေး ပိုပြီး အဆင်ပြေ ချောမွေ့လာပါလိမ့်မယ်” ဟု ဝန်ကြီးတာကီဒါက ပြောကြားခဲ့သည်။

ကိုးကား- အင်န်အိတ်ချ်ကေ

 ဘာသာပြန်-မေလဲ့သင်း