အီဂျစ်နိုင်ငံတွင် သက်တမ်း နှစ်ပေါင်း ၄၃၀၀ကျော်ရှိ မိဖုရားတစ်ပါး၏ ဂူဗိမာန် တူးဖော်တွေ့ရှိ

21-Jan-2021

ကိုင်ရို ဇန်နဝါရီ ၂၀

နှစ်ပေါင်း   ၄၃၀၀  ကျော်ကာလက   ရှေးဟောင်း     အီဂျစ်တိုင်းပြည်၏ ဆဋ္ဌမမြောက်  မင်းဆက်ဖြစ်သည့်   ဖာရိုဘုရင် Teti ၏ မိဖုရားတစ်ပါး၏  ဂူဗိမာန်ကို     အီဂျစ်နိုင်ငံ   ဂီဆာ ပြည်နယ်ရှိ   ဆက်ကွာရာဒေသ၌ တူးဖော်တွေ့ရှိခဲ့ကြောင်း  သိရသည်။

အဆိုပါမိဖုရား၏  ဂူဗိမာန်ကို  ဇန်နဝါရီ ၁၆ ရက်က တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ဂူဗိမာန်တွင် ရေးသားထားသည့်  စာများကို ဖတ်ရှု ရာမှ ဂူဗိမာန်ပိုင်ရှင်မှာ   ဖာရိုဘုရင် Teti  ၏ မိဖုရားကြီးဖြစ်သည်ကို အတည်ပြုနိုင်ခဲ့ကြောင်း    အီဂျစ် နိုင်ငံ၏ အထင်ကရ ရှေးဟောင်း သုတေသနပညာရှင် ဇဟီဟာဝက်စ် က ပြောကြားခဲ့သည်။ 

ယင်းနေရာ၌ ပိရမစ်တစ်ခုရှိ ကြောင်းကို ၂၀၁၀ ပြည့်နှစ်က   သိရှိခဲ့ရသော်လည်း ပိရမစ်၏  ပိုင်ရှင် မည်သူဆိုသည်ကို  မသိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဖာရိုဘုရင် Teti ထံ၌ မိဖုရားကြီးနှစ်ပါးရှိကြောင်း သိခဲ့ရပြီး  ယခု တွေ့ရှိချက်အရ တတိယမြောက် မိဖုရားကြီးတစ်ပါးရှိခဲ့ကြောင်း   သိရှိ ရပြီဖြစ်ကာ Neit အမည်ရှိ မိဖုရား ကြီးကို အီဂျစ်သမိုင်းကြောင်းတွင်   ထည့်သွင်း ရေးသားနိုင်ပြီဖြစ်ကြောင်း ၎င်းကပြောသည်။

အီဂျစ်နိုင်ငံရှိ  ဆက်ကွာရာ ဒေသ သည်   ရှေးဟောင်းအီဂျစ်ယဉ်ကျေး မှု  အမွေအနှစ်များ     ကျန်ရစ်ရာ အချက်အချာနေရာဖြစ်ပြီး ဖာရိုဘုရင် နှင့်  မင်းညီမင်းသားများ၏   ဂူဗိမာန် အမြောက်အမြားတည်ရှိရာ   နေရာ ဖြစ်ကြောင်း   သိရသည်။

ဆင်ဟွာ