ဆန်အိတ် ၆၀၀ ကျော်ကို တပ်ကသိမ်းသွားလို့ မြောက်ဦး တိမ်ညိုဒုက္ခသည်စခန်း ရိက္ခာပြတ်မယ့် အခြေအနေကြုံနေ

16-Nov-2020

ရခိုင်ပြည်နယ်မြောက်ပိုင်း မြောက်ဦးမြို့နယ်အတွင်းက တိမ်ညိုကျေးရွာ စစ်ဘေးရှောင်ဒုက္ခသည် စခန်းအတွက် ထောက်ပံ့ပေးထားတဲ့ ရိက္ခာဆန်တွေ သိမ်းဆည်းခံလိုက်ရ ပြီး ရိက္ခာပြတ်မယ့် အခြေအနေဖြစ်နေတယ်လို့ စခန်းတာဝန်ခံလည်းဖြစ် ကျေးရွာအုပ်ချုပ်ရေးမှူးလည်း ဖြစ်တဲ့ ဦးဝေလှအောင်က ပြောပါတယ်။

သိမ်းဆည်းခံရတဲ့ ဆန်အိတ်က ၆၀၀ နီးပါးလောက်ရှိတယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။

အဲ့ဒီဆန်အိတ်တွေကို ဒုက္ခသည်ခစန်းအတွင်းမှာ နေရာမရှိတဲ့အတွက် တိမ်ညိုရွာသစ် ဘုန်းတော်ကြီးကျောင်းမှာ ယာယီသိုလှောင်ထားရှိပြီး တပ်မတော်စစ်ကြောင်းတစ်ခု ကျေးရွာကို ရောက်ရှိလာခဲ့တဲ့အချိန်မှာ သံသယရှိတယ်ဆိုပြီး စစ်ကြောင်းက သိမ်းဆည်းယူသွားတာဖြစ်တယ်လို့ လည်းဒေသခံတွေဆီကနေ သိရပါတယ်။

ဒီဆန်အိတ်တွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ရက်နေ့မှာ လာရောက် သိမ်းဆည်းခဲ့တာဖြစ်တယ်လို့သိရပြီး တပ်မတော်ဘက်ကို ဒီသတင်းနဲ့ပတ်သတ်လို့ ဆက်သွယ် အတည်ပြုလို့ မရသေးပါဘူး။

အဲ့ဒီရိက္ခာဆန်တွေဟာ အောက်တိုဘာ ၁၂ ရက်နေ့မှာ မြောက်ဦးမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဌာနကနေ ဒုက္ခသည်အတွက် ဆန်အိတ်တစ်ထောင်ကျော် ထောက်ပံ့ပေးထားရာကနေ ကျန်ရှိနေတဲ့ ဆန်အိတ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

တိမ်ညို စစ်ဘေးရှောင်ဒုက္ခသည်စခန်းဟာ မြောက်ဦးမြို့နယ်မြောက်ပိုင်း ၁၀ မိုင်ခန့်အကွာ တိမ်ညို ကျေးရွာအပြင်မှာ တည်ရှိပြီးတော့ ဒုက္ခသည်ပေါင်း ၃၄၀၀ နီးပါးခိုလှုံနေကြတဲ့ စခန်းတစ်ခုဖြစ်ကာ ရခိုင်အပြင် မြိုနဲ့ ခမီမျိုးနွယ်စုတွေလည်း နေထိုင်နေကြတဲ့ စခန်းတစ်ခု ဖြစ်ပါတယ်။

ရိက္ခာဆန်တွေကို သိမ်းဆည်းခံလိုက်ရပြီးနောက် လက်ရှိမှာ ICRC က ထောက်ပံ့ပေးထားတဲ့ ဆန်အိတ် တစ်ရာ့နှစ်ဆယ်လောက်သာ ကျန်တော့တဲ့အတွက် ဒုက္ခသည်တွေကို နောက်တစ်ကြိမ် ဆန်ဝေပေးဖို့ မလုံလောက်တော့ဘူးလို့ ဦးဝေလှအောင်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်များအတွက် မြန်မာ့တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစု တွေက ကျပ်သိန်းပေါင်း ၃ဝဝဝ ကျော်၊ ဆန် နဲ့ ဆီတွေကို ပြီးခဲ့တဲ့မတ်လ ၂၃ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရမှ တစ်ဆင့် လှူဒါန်းခဲ့တာလည်းရှိပါတယ်။

" ပြီးခဲ့တဲ့ ၉ ရက်နေ့က တပ်ကနေပြီးတော့ စစ်ဘေးရှောင်စခန်းကို ဘေးစီမံကထောက်ပံ့ထားတဲ့ ဆန်အိတ် ၆၀၀ နီးပါးလောက်ကို အကုန်လုံးယူသွားတယ်ခင်ဗျား။ အဲ့လိုယူသွားတော့ လက်ရှိ ICRC ကထောက်ပံ့ထားတဲ့ ဆန်အိတ် ၁၀၀ ကျောက်လောက်ပဲရှိတယ်။ အဲ့ဒီတစ်ရာကျော်လောက်နဲ့ ဆန်ရိက္ခာဝေဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ အနေအထားဖြစ်နေတယ်။"လို့ စခန်းတာဝန်ခံ ဦးဝေလှအောင်က ပြောပါတယ်။

ရိက္ခာဆန်တွေ အသိမ်းခံလိုက်ရတဲ့အတွက် တိမ်ညိုစစ်ဘေးရှောင်ဒုက္ခသည်စခန်းမှာ ရိက္ခာပြတ်မယ့် အခြေအနေရှိတယ်ဆိုတာကို မှန်ကန်ကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် အစိုးရကထောက်ပံ့ပေးထားတဲ့ ရိက္ခာဆန်တွေကို တပ်မတော်က သိမ်းဆည်းသွားတာနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အဆက်အသွယ် မရခဲ့ပါဘူး။

အဲ့ဒီစစ်ကြောင်းဟာ နိုဝင်ဘာ ၉ ရက်နေ့က ကျေးရွာကိုဝင်ရောက်လာခဲ့တာဖြစ်ပြီး မရောက်လာခင် နှစ်ရက်အလိုက ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖုန်းဆက်အကြောင်းကြားရာမှာ အုပ်ချုပ်ရေးမှူးက ကျန်းမာရေးမကောင်းတဲ့အတွက် စစ်တွေကို ဆေးကုသဖို့ရောက်ရှိနေကြောင်းနဲ့ ဘုန်းတော်ကြီးကျောင်းမှာရှိတဲ့ ဆန်အိတ်တွေဟာ ဒုက္ခသည်တွေအတွက် ဘေးစီမံဌာနက ထောက်ပံ့ထားတဲ့ ဆန်အိတ်တွေဖြစ်ကြောင်း ကြိုတင်အသိပေးထားပြီးဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူး ဦးဝေလှအောင်က ပြောပါတယ်။

ဒုက္ခသည်တွေအတွက် ထောက်ပံ့ပေးထားတဲ့ ဆန်အိတ်တွေက တပ်မတော်ရဲ့ သိမ်းဆည်းခြင်း ခံလိုက်ရတယ်ဆိုတာကို မြို့နယ်နဲ့ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနတွေကို အကြောင်းကြားထားပေမဲ့ ဘာတုံ့ပြန် ချက်မှမရရှိသေးဘူးလို့ ဆိုပါတယ်။

"ကျွန်တော်တို့ကတော့ အဲ့ဒီဟာကိုတော့ အသေးစိတ်တော့မသိရဘူး။ သတင်း အဖြစ်တော့ သိရတာပေါ့။ ထောက်ပံ့နေတာကတော့ ကျွန်တော်တို့ရော၊ အရပ်ဘက်အဖွဲ့အစည်းတွေရော၊ အခြား အလှူရှင်တွေရော ထောက်ပံ့နေတာပဲ။ ဒုက္ခသည်စခန်းမှာတော့ ဆန်တွေက အမျိုးမျိုးရှိနိုင်တာပဲ။ အဲ့ဒီဆန်တွေနဲ့ သူတို့က ရိက္ခာအဖြစ်စားသုံးနေရတာ ဖြစ်တဲ့အတွက် အဲ့ဒီဆန်တွေ ပါသွားရင်တော့ သူတို့အတွက် အခက်အခဲအမျိုးမျိုးရှိမှာပေါ့။"လို့ ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက ဦးစီးအရာရှိ ဦးရဲမင်းဦးက ပြောပါတယ်။

တိမ်ညိုစခန်းအပြင် ရခိုင်တစ်ပြည်နယ်လုံးမှာရှိတဲ့ တခြားစခန်းတွေမှာလဲ ရိက္ခာ ပြတ်လပ်တဲ့ အခက်အခဲတွေရှိနေပြီး အခုလိုအခက်အခဲဖြစ်နေတဲ့ တိမ်ညိုစခန်းအတွက်ကိုတော့ အစိုးရရဲ့ခွင့်ပြုမိန့်ရရှိမှပဲ နောက်ထပ်ထောက်ပံ့ပေးရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်လို့ တိမ်ညိုကျေးရွာ ဒုက္ခသည်စခန်းကို သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ သွားရောက်ကြည့်ရှုဖို့သင့်ပေမယ့် မြေပြင်အနေအထားအရ သွားရောက်ဖို့အခက်အခဲရှိနေတယ်လို့ ဦးရဲမင်းဦးက ပြောပါတယ်။

အဲ့ဒီဆန်အိတ်တွေကို မြို့နယ်ဘေးစီမံဌာနက လာရောက်ထောက်ပံ့ပေးတဲ့အခါမှာလည်း ဘုန်းတော်ကြီးကျောင်းဓမ္မာရုံမှာပဲ ပေးခဲ့တာဖြစ်ပြီး အဲ့ဒီဆန်အိတ်တွေကို သက်ဆိုင်တဲ့အဖွဲ့အစည်းတွေ အနေနဲ့ ဒုက္ခသည်တွေကို ပြန်လည်ပေးအပ်ဖို့အတွက် စခန်းကော်မတီ ဥက္ကဋ္ဌ ဦးဝေလှအောင်က တောင်းဆိုပါတယ်။

တိမ်ညိုစခန်းမှာ အိမ်ထောင်စုပေါင်း ၈၇၅ စုရှိပြီး လူဦးရေ ၃၃၅၅ ခန့်ရှိကာ တစ်လစာ ဆန်လိုအပ်ချက်က ဆန်အိတ်၂၀၀၀ နီးပါးခန့်ရှိပြီး လက်ရှိစခန်းကော်မတီလက်ထဲမှာ ရှိနေတဲ့ဆန်အိတ် တစ်ရာကျော်ဟာ အဲ့ဒီစခန်းအတွက် နှစ်ရက်စာသာရှိကြောင်းနဲ့ မကြာခင်ရိက္ခာဝေပေးရတော့မှာဖြစ်ပြီး လိုအပ်တဲ့ရိက္ခာဆန်တွေကို လူမှုအဖွဲ့အစည်းတွေ၊ အလှူရှင်တွေဆီကနေ တောင်းခံနေရသလို ဆန်စက်ပိုင်ရှင်တွေဆီကနေ ချေးငှားပြီးသုံးစွဲရမှာဖြစ်တယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာလည်း တပ်မတော်စစ်ကြောင်းက တိမ်ညိုကျေးရွာရဲစခန်း၊ အထက်တန်းကျောင်းနဲ့ တိမ်ညိုရွာသစ်ဘုန်းတော်ကြီး ကျောင်းတွေမှာ စခန်းချ နေထိုင်လျက်ရှိနေတဲ့အတွက် စစ်ကြောင်းကို ကြောက်ရွံ့ပြီး ရွာသားတွေ ထွက်ပြေးနေကြတဲ့အတွက် ဒုက္ခသည်အရေအတွက် တိုးလာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်ကျော်ကစတင်ပြီး တပ်မတော်နဲ့ အေအေတို့အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြောက်ဦးမြို့နယ်အတွင်းမှာ ဒုက္ခသည်စခန်းပေါင်း ၂၆ ခုရှိပြီး ဒုက္ခသည်ဦးရေ နှစ်သောင်းကျော်လောက် ရှိနေတယ်လို့ ဦးထွန်းသာစိန်က ပြောပါတယ်။

ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးအတိုင်းအတာမှာတော့ စစ်ဘေးဒုက္ခသည်ဦးရေ နှစ်သိန်းခွဲ နီးပါးထိ ရှိလာနေပြီဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Crd BBC News