ကျန်းမာရေးဝန်ကြီးဌာန စတင်တည်ထောင်သည့်နေ့ကို အမျိုးသားကျန်းမာရေးနေ့ (National Health Day) သတ်မှတ်

15-Nov-2020

နေပြည်တော်   နိုဝင်ဘာ  ၁၄

မြန်မာနိုင်ငံ၏  အမျိုးသားကျန်းမာရေးနေ့ (National Health Day) အဖြစ် နိုဝင်ဘာ ၁၄ ရက်ကို သတ်မှတ်ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ သိရသည်။

ယခင် ဆေးနှင့် ကျန်းမာရေးဌာနကို   အသစ်ပြန်လည်ပြုပြင်ပြောင်းလဲ ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည့် ၁၉၅၃ ခုနှစ် မတ် ၂၃ ရက် (သို့မဟုတ်) မြန်မာ နိုင်ငံပြန်တမ်းတွင် ကျန်းမာရေးဝန်ကြီးဌာနဟု ဖော်ပြ၍ အမိန့်ကြော်ငြာစာ ထုတ်ပြန်သည့် ၁၉၅၃ ခုနှစ် နိုဝင်ဘာ ၁၄ ရက်ကို အမျိုးသားကျန်းမာရေးနေ့ (National Health Day) အဖြစ်  သတ်မှတ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နိုင်ငံတော်သမ္မတရုံးသို့တင်ပြခဲ့ရာ နိုဝင်ဘာ ၁၄ ရက်ကို အမျိုးသားကျန်းမာရေးနေ့   (National Health Day) အဖြစ် သတ်မှတ်ရန် အကြောင်းပြန်ကြားခဲ့သည်ဟု  ကျန်းမာရေးနှင့်  အားကစား ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ပထမအကြိမ် အမျိုးသားကျန်းမာရေးနေ့ (National Health Day) ကို “ကျန်းမာရေးအသိပညာမြင့်မားဖို့ အားလုံးပါဝင်ဆောင်ရွက်စို့” ဆောင်ပုဒ်ဖြင့် ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာနက ဝန်ကြီးဌာန၏ လုပ်ငန်းများကို ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းမှတစ်ဆင့် ပြည်သူများမှ ကျယ်ပြန့်စွာသိရှိရယူ ပူးပေါင်းဆောင်ရွက်လာစေရန်၊  ကျန်းမာရေးနှင့် ညီညွတ်စွာ ပြုမူနေထိုင်လာကြခြင်းနှင့် ကိုယ်လက်လှုပ်ရှား ပြုလုပ်ခြင်းသည် ဆေးတစ်ပါး (Exercise is Medicine) ဖြစ်သည်နှင့်အညီ ကိုယ်လက်လှုပ်ရှား အားကစားပုံမှန်ပြုလုပ်ခြင်းဖြင့် မကူးစက်တတ်သောရောဂါများနှင့် အခြား ရောဂါများ ဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်လာကြစေရန်နှင့် ဝန်ကြီး ဌာန စတင်တည်ထောင်ချိန်မှစတင်၍ ပြည်သူတို့အတွက် ကျန်းမာရေးနှင့် အားကစားဆိုင်ရာ ထူးခြားထင်ရှားသော ဝန်ဆောင်မှုများကို မှတ်တမ်းတင် ထားရှိရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၏ ၂၀၂၀ ပြည့်နှစ် ပထမအကြိမ် အမျိုးသားကျန်းမာရေးနေ့ (National Health Day)အထိမ်းအမှတ်အဖြစ် ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြထားသည်။

အဆိုပါသဝဏ်လွှာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ စတင်တည်ထောင်သည့် ဧပြီ ၇ ရက်ကို    ကမ္ဘာ့ကျန်းမာရေးနေ့  (World Health Day) အဖြစ် သတ်မှတ်ကာ ကမ္ဘာတစ်ဝန်းနှစ်စဉ် ကျင်းပနေသကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း အမျိုးသားကျန်းမာရေးနေ့ (National Health Day)ကို ကျင်းပပြုလုပ်ပြီး မိမိတို့နိုင်ငံ၏ ဦးစားပေးကျန်းမာရေးလုပ်ငန်းများအား ပြည်သူများသိရှိပါဝင် ဆောင်ရွက်လာကြစေရန် ရည်မှန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 ၂၀၂၀ ပြည့်နှစ်     နိုဝင်ဘာ  ၁၄  ရက်တွင်   ပထမဦးဆုံးအနေဖြင့် ပြုလုပ်သည့် အမျိုးသားကျန်းမာရေးနေ့ အထိမ်းအမှတ်အဖြစ် ကျန်းမာရေး အသိပညာမြှင့်တင်ရေး လှုပ်ရှားဆောင်ရွက်မှုများမှတစ်ဆင့် မကူးစက်နိုင် သောရောဂါများနှင့် အခြားရောဂါများ ကာကွယ်ရေး၊ ကျန်းမာရေးနှင့် ညီညွတ်စွာ ပြုမူနေထိုင်ရေးနှင့် ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး (Exercise is Medicine) ဆောင်ပုဒ်နှင့်အညီ ကိုယ်လက်လှုပ်ရှားအားကစား အစီအစဉ် များကို အလေးပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထက်လျှံ