မြန်မာ့အရေးဆုံးဖြတ်ချက် ကုလသမဂ္ဂ မဲခွဲအတည်ပြု

04-Jan-2021

ဒီဇင်ဘာလ ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းတရပ်ကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ မဲအများစုနဲ့ အတည်ပြုခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာမွတ်စလင် လူနည်းစုနဲ့ တခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ တင်ပြ တောင်းဆိုထားတာဖြစ်ပြီး EU ဥရောပသမဂ္ဂနဲ့ အစ္စလာမ္မစ်နိုင်ငံများအဖွဲ့ (OIC) တို့ကနေ ဦးဆောင်တင်သွင်းခဲ့ပါတယ်။ အပြည့်အစုံကို ကိုရဲမင်းထွန်းက စုစည်းတင်ပြထားပါတယ်။

အဲဒီ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို နိုဝင်ဘာလအတွင်းက ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ တတိယကော်မတီမှာ အတည်ပြုထားခဲ့တာဖြစ်ပြီး အခုကျင်းပနေတဲ့ ၇၅ ကြိမ်မြောက် အထွေထွေညီလာခံကို တင်သွင်းခဲ့ရာမှာ ၄၈ ကြိမ်မြောက် အစည်းအဝေးမှာ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

“ဆုံးဖြတ်ချက်မူကြမ်းကို ထောက်ခံမဲ ၁၃၀၊ ကန့်ကွက်မဲ ၉ မဲ၊ ကြားနေမဲ ၂၆ မဲနဲ့ အတည်ပြုတာဖြစ်ကြောင်း” ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိ၊ ဝါရင့် တူရကီသံတမန် Volkan Bozkır က ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ကို ရုရှားနဲ့ တရုတ်နိုင်ငံ အပါအဝင် ဘယ်လာရုစ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဇင်ဘာဘွေနဲ့ မြန်မာနိုင်ငံ စုစုပေါင်း နိုင်ငံ ၉ နိုင်ငံက ဆန့်ကျင်မဲပေးခဲ့ပါတယ်။ အိန္ဒိယ၊ ဂျပန်၊ သီရိလင်္ကာနဲ့ စင်ကာပူ အပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံကတော့ မဲမပေးဘဲ ကြားနေခဲ့ကြပါတယ်။

ကုလသမဂ္ဂက အတည်ပြုခဲ့တဲ့ ဒီဆုံးဖြတ်ချက်မှာ မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု၊ ကချင်၊ ရခိုင်၊ ချင်းပြည်နယ်တောင်ပိုင်းနဲ့ ရှမ်းပြည်နယ်တွေမှာ အလားတူ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရိုဟင်ဂျာနဲ့ တခြားလူနည်းစုတွေ သိန်းချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရမှုတွေအပေါ်မှာ စိုးရိမ်ပူပန်မိကြောင်း ဖော်ပြပါရှိပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံက မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်တဲ့အပေါ် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြန်လည် တုံ့ပြန် ပြောကြားခဲ့ပါတယ်။

“နိုင်ငံရေးရည်ရွယ်ချက်အတွက် လူ့အခွင့်အရေးကို အသုံးချတာကို ရှောင်ရှားသင့်ကြောင်း၊ ဒီဆုံးဖြတ်ချက်ဟာ လူ့အခွင့်အရေးကို အကြောင်းပြပြီး ကုလသမဂ္ဂကြီးရဲ့ ယန္တရားကို အသုံးချနေတာဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး ဥပဒေဘောင်အတွင်းက ကိစ္စကို အခု အတည်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်က ဘောင်ကျော်ဆောင်ရွက်တာဖြစ်လို့ မြန်မာနိုင်ငံအနေနဲ့ လက်မခံဘဲ ကန့်ကွက်ကြောင်း” ဦးကျော်မိုးထွန်းက ပြောပါတယ်။

ဒါ့အပြင် တိုင်းရင်းသား လူနည်းစုဆိုင်ရာ ကိစ္စရပ်အနေနဲ့ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက တိုင်းရင်းသား လူနည်းစုတွေနဲ့ ဆွေးနွေးနေပြီး အစိုးရသစ်ဖွဲ့စည်းရေး ဆောင်ရွက်နေတယ်လို့လည်း သူက ပြောပါတယ်။ ဒါပေမယ့် လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးရာ မူဝါဒနဲ့အညီ မြန်မာပြည်သူတွေရဲ့ အကျိုးအတွက် ကုလသမဂ္ဂနဲ့ရော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးနဲ့ရော ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

အခုအတည်ပြုလိုက်တဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို EU ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ အပါအဝင် ဥရောပနိုင်ငံတွေနဲ့အတူ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ အစ္စလာမ္မစ်နိုင်ငံများအဖွဲ့ (OIC) နိုင်ငံတွေကိုယ်စား ကမကထပြု ဦးဆောင်တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ တတိယကော်မတီမှာ တင်သွင်းစဉ်က နောက်ပိုင်းမှာ အမေရိကန်နိုင်ငံကလည်း ကမကထပြုတဲ့နိုင်ငံအနေနဲ့ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

ကန့်ကွက်ခဲ့တဲ့ နိုင်ငံတွေအနေနဲ့ကတော့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၂ နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့ ပါဝင်ခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အပေါ် ထောက်ခံမဲပေးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာတွေအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ စဉ်းစားဆွေးနွေးဖို့ကိုလည်း တိုက်တွန်း တောင်းဆိုနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် အခုနောက်ဆုံး ကုလသမဂ္ဂက အတည်ပြုလိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကိုလည်း အရင်လိုပဲ လုံခြုံရေးကောင်စီဝင် တရုတ်နဲ့ ရုရှားတို့က ကန့်ကွက်မဲပေးခဲ့ကြသလို အမြဲတမ်းမဟုတ်တဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံသစ်ဖြစ်တဲ့ အိန္ဒိယနိုင်ငံက ကြားနေခဲ့ပါတယ်။

ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာနိုင်ငံကတော့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်စိစစ်လက်ခံမယ်လို့ ပြောထားပေမယ့် အခုအချိန်အထိ အကောင်အထည်ပေါ်လာခြင်း မရှိသေးပါဘူး။

VOA News