ပြည်တွင်းလေကြောင်း ခရီးစဥ်အားလုံး ဒီဇင်ဘာ ၁၆ ရက်မှာ ပြန်လည်ပျံသန်းခွင့်ပြု

13-Dec-2020

ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက အရှိန်မြင့်လာတဲ့ ကိုဗစ်ဒုတိယလှိုင်းကြောင့် ပိတ်ထားခဲ့ရတဲ့ ပြည်တွင်း လေကြောင်းခရီးစဥ်အားလုံးကို လာမယ့် ဒီဇင်ဘာ ၁၆ ရက်နေ့ကစပြီး ပြန်လည် ပြေးဆွဲခွင့်ပြုသွားမယ်လို့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ဒီဇင်ဘာ ၁၂ ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။

လေကြောင်းခရီးစဥ်တွေ ပြန်လည်ပျံသန်းခွင့်ပြုရာမှာ ဘယ်ဒေသကိုတော့ ပြေးဆွဲခွင့်မရှိဘူးလို့ ကန့်သတ်ထားတာမျိုး မရှိပေမဲ့ အရင်ခရီးစဥ် အားလုံးကို ပြန်လည်ပျံသန်းပြေးဆွဲမှု ရှိမရှိ ကတော့ လေကြောင်းလိုင်းတွေပေါ်မှာဘဲ မူတည်တယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးမျိုးမင်းဦးက ဘီဘီစီကိုပြောပါတယ်။

ကပ်ရောဂါဖြစ်ပွားမှု မပြီးဆုံးသေးတာကြောင့် ခရီးစဥ်တွေမှာ လိုက်ပါစီးနင်းမယ့်သူတွေနဲ့ လေကြောင်းလိုင်းက ဝန်ထမ်းတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ရှိမရှိ စစ်ဆေးပြီးမှသာ လေယာဉ်ပေါ် တက်ရောက်ခွင့် ရမှာဖြစ်တယ် လို့လည်း သူကပြောပါတယ်။

' ' ခရီးသည်တွေကိုတော့ လေဆိပ်မှာပဲ လေယာဥ်ပေါ်မတက်ခင် test kit နဲ့စစ်နိုင်အောင်လို့ လုပ်နေပါတယ်။ လေယာဥ်ခရီးသည်တွေ လိုက်နာရမယ့်ကိစ္စ လေယာဥ်ဝန်ထမ်းတွေ လေဆိပ်ဝန်ထမ်းတွေ အနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လိုက်နာရမယ့် SOP တွေကို ကျန်းမာရေးက ထုတ်ဖို့ရှိပါတယ်။ ကျန်းမာရေးက ထုတ်တဲ့ SOPအားလုံးကို လိုက်နာပြီးတော့ လုပ်မှာပါ။''လို့ ပြည်တွင်းခရီးစဉ်တွေပြန်လည် ပြေးဆွဲသွားဖို့စီစဉ်နေတာနဲ့ပတ်သတ်ပြီး လက်ထောက်အတွင်းဝန် ဦးမျိုးမင်းဦးက ပြောပြပါတယ်။

လေယာဥ်လက်မှတ်ဝယ်ယူပြီး ကိုဗစ်ရှိကြောင်း စစ်ဆေးတွေ့ရှိသူတွေ အနေနဲ့လည်း လေယာဥ်လက်မှတ်ဖိုး မဆုံးရှုံးစေဖို့ လက်မှတ်ဖိုး ပြန်အမ်းတာမျိုးရှိမယ်လို့လည်း သူကပြောပါတယ်။

ဝန်ကြီးဌာနရဲ့ ကြေညာချက်ထွက်အပြီး မြန်မာအမျိုးသားလေကြောင်းလိုင်း MNA ရဲ့ ဒီဇင်ဘာ ၁၆ ရက်က နေ ၃၁ ရက်နေ့အထိ ပြန်လည်ပျံသန်းသွားမယ့် ခရီးစဥ်လမ်းကြောင်းတွေကို စတင်ကြေညာထားတာ ကို တွေ့ရပါတယ်။

ပြည်တွင်းလေကြောင်းခရီးစဥ်တွေ ပြန်လည်ခွင့်ပြုတာဟာ ကြိုဆိုရမယ့်ကိစ္စဖြစ်ပေမယ့် ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်အားလုံးကို တိတိကျကျ လိုက်နာပြီး အကောင်အထည်ဖော်ဖို့လို အပ်တယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဖြစ်သူ ဦးနောင်းနောင်းဟန်က ဘီဘီစီကို မှတ်ချက်ပြုပြောဆိုပါတယ်။

' ' သက်ဆိုင်ရာ နယ်အသီးသီးမှာ ၂လ ၃လရှိနေပြီ၊ ပိတ်မိနေတာ သွားခွင့်မရှိလို့ဆိုပြီး။ ဒီလူတွေကတော့ မဖြစ်မနေသွားရမယ့်သူတွေကတော့ သွားကြမှာပါ။ ဒုတိယအပိုင်းဖြစ်တဲ့ အပန်းဖြေ ခရီးသွားမယ့်သူတွေအတွက်ကတော့ နည်းနည်းတော့ လိုဦးမယ်ထင်ပါတယ်။ နောက်တစ်ခုကတော့ ခရီးသည်တွေ အနေနဲ့လည်း ဖုန်းနံပါတ်တွေ လိပ်စာတွေကို အမှန်ဖြည့်ဖို့လိုပါတယ်။ ဒါမှသာ တစ်ခုခုဖြစ်ရင် အချိန်မီ ထိန်းချုပ်နိုင်အောင်လိုပါတယ်''လို့ သူကပြောပါတယ်။

ပြည်တွင်းလေကြောင်းခရီးစဥ်ကို လာမယ့် ဒီဇင်ဘာ ၁၆ ရက်နေ့မှာ စတင် ခွင့်ပြုသွားမှာ ဖြစ်ပေမယ့် အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဥ်ကိုတော့ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ပိတ်ထားပါတယ်။

BBC News