ပျက်ကျခဲ့တဲ့ အင်ဒိုနီးရှားလေယာဉ် အစိတ်အပိုင်းတွေ ရှာတွေ့ပြီ

10-Jan-2021

မနေ့ စနေ့နေလယ်ပိုင်းက အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာကနေ ထွက်ခွာအပြီး ရေထဲကို ပျက်ကျသွားတဲ့ ခရီးသည် ၆၂ ယောက် လိုက်ပါသွားတဲ့ အင်ဒိုနီးရှား Sriwijaya လေကြောင်းလိုင်း လေယာဉ်ကနေ ရေပေါ် ပေါလောပေါ်လာတဲ့ လူ့ခန္ဓာကိုယ် အပိုင်းအစတွေ၊ လေယာဉ်ပျက် အပိုင်းအစတွေ၊ ပစ္စည်းတွေ၊ အဝတ်အစားတွေကို အင်ဒိုနီးရှားစစ်တပ် ရေငုပ်သမားတွေကနေ ရှာဖွေဆယ်ယူနေပါတယ်။

Boeing 737-500 အင်ဒိုနီးရှား Sriwijaya လေယာဉ်ဟာ စနေနေ့ နေ့လယ်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်က Soekarno-Hatta နိုင်ငံတကာလေဆိပ်ကနေ ပျံသန်းထွက်ခွာသွားပြီး လေးမိနစ်အကြာလေးမှာပဲ ရေထဲကို စိုက်ဆင်းပြီး ပျက်ကျသွားတာဖြစ်ပါတယ်။

အချက်ပြအမှတ်အသားကို စစ်တပ်ရေယာဉ်ကနေ တွေ့ရှိခဲ့ပြီး ပင်လယ်ရေမျက်နှာပြင်အောက် ၂၃ မီတာ ဝန်းကျင်လောက်မှာ ပျက်ကျသွားတဲ့ လေယာဉ်အပိုင်းအစကို ရေငုပ်သမားတွေက ရှာဖွေတွေ့ရှိခဲ့တယ်လို့ အင်ဒိုနီးရှား စစ်ဦးစီးချုပ် Hadi Tjahjanto က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

သူတို့ဆက်သွယ်ရခဲ့တဲ့ ဒီအချက်ပြ Signal ကတော့ ပျက်ကျသွားတဲ့ လေယာဉ်က ထွက်လာတဲ့ အသံလှိုင်းလား၊ လေယာဉ်အချက်အလက် မှတ်တမ်းကလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

အင်ဒိုနီးရှားသမ္မတ Joko Widodo ကတော့ သူ့အနေနဲ့ အလွန်အမင်း စိတ်ထိခိုက်ရပါကြောင်းနဲ့ လေယာဉ်ပျက်ကျတဲ့အထဲ ပါသွားသူတွေ ပြန်ရှာဖွေတွေ့နိုင်ဖို့ အင်ဒိုနီးရှားနိုင်ငံသားတွေအားလုံး အတူတကွ ဆုတောင်းပေးကြပါလို့ မေတ္တာရပ်ခံ တိုက်တွန်းပါတယ်။

ဒါပေမယ့်လို့ ရဟတ်ယာဉ်တွေနဲ့ရော စစ်ရေယာဉ်တွေနဲ့ပါ ပိုက်စိပ်တိုက် ရှာဖွေနေပေမယ့်လို့ အသက်ရှင်ကျန်ရစ်သူ ရှိနိုင်ခြေ မျှော်လင့်ချက်က မရှိသလောက်ပါပဲ။ လေယာဉ်ပျက်ကျတဲ့နေရာက လူ့ခန္ဓာကိုယ် အပိုင်းအစတချို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ရရှိထားပါတယ်။

ကလေးငယ်လေးရဲ့ ပန်းရောင်အဝတ်အစား၊ နောက် ပျက်စီးနေတဲ့ တာယာနဲ့ ဘီး၊ အသက်ကယ်ဝတ်စုံတွေနဲ့ လေယာဉ်အပိုင်းအစတွေကို ရှာဖွေဆယ်ယူ ရရှိတယ်လို့ အဲ့ဒီ့နေရာကို ရောက်ရှိနေတဲ့ တာဝန်ရှိသူတွေနဲ့ AFP သတင်းထောက်တွေက ပြောပါတယ်။

လေယာဉ်ပျက်ကျတဲ့အထဲ ပါသွားတဲ့ ခရီးသည်ဇနီးမောင်နှံတစုံဟာ လေယာဉ်စတင် မပျံသန်းခင် Selfie ကိုယ့်ကိုယ်ကို ဓာတ်ပုံရိုက်ပြီး သူတို့ရဲ့ သားသမီးတွေဆီတောင် ပုံပို့ခဲ့သေးတယ်လို့ တူဖြစ်သူက AFP ကို ပြောပါတယ်။

ခရီးသည်နဲ့ လေယာဉ်အမှုထမ်း အပါအဝင် ၆၂ ဦးစလုံးဟာ အင်ဒိုနီးရှားနိုင်ငံသားတွေဖြစ်ပြီး အဲဒီအထဲမှာ ကလေးငယ် ၁၀ ဦး ပါတယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။

ဒီလေယာဉ်ဟာ ဂျကာတာမြို့တော်ကနေ ဂျာဗားပင်လယ်ကို မိနစ် ၉၀ ကျော်ဖြတ်ပြီး ဘိုနီယိုကျွန်းပေါ်က West Kalimantan ပြည်နယ်ရဲ့ မြို့တော် Pontianak ကို ဦးတည်ပျံသန်းနေတာပါ။

လေယာဉ်ပျက်ကျရတာက ဆိုးဝါးလှတဲ့ ရာသီဥတုကြောင့်လား လေယာဉ်မောင်းကြောင့်လား ဒါမှမဟုတ် လေယာဉ်ချို့ယွင်းချက်ကြောင့်လား ဖြစ်နိုင်ခြေတွေ အများကြီးရှိပေမယ့် အကြောင်းရင်းကိုပြောဖို့ စောသေးတယ်လို့ ဂျကာတာအခြေစိုက် လေကြောင်းဆိုင်ရာသုံးသပ်သူ Gerry Soejatman က ပြောဆိုထားပါတယ်။

လေယာဉ်ရဲ့ အချက်အလက် သိမ်းဆည်းတဲ့မှတ်တမ်း Black Box ကို ရှာဖွေတွေ့ရှိရင်တော့ အကြောင်းရင်းကို သိနိုင်မယ်လို့လည်း ပြောပါတယ်။

VOA News