အာချေးမှာ အမျိုးသားနှစ်ဦး လိင်ဆက်ဆံလို့ ကြိမ်ဒဏ်စီရင်

30-Jan-2021

အင်ဒိုနီးရှားနိုင်ငံက ရှေးရိုးစွဲပြည်နယ်တခုဖြစ်တဲ့ အာချေး(Aceh) ပြည်နယ်မှာ လိင်ဆက်ဆံခဲ့တဲ့ အမျိုးသားနှစ်ဦးကို လူမြင်ကွင်းမှာ ကြိမ်ဒဏ်ပေးခဲ့ပါတယ်။

ဘန်ဒါ အာချေး (Banda Aceh) မြို့တော် လူစုလူဝေးရှေ့မှာ မျက်နှာဖုံးတပ်ထားတဲ့ အရာရှိတဦးက အဲဒီအမျိုးသားနှစ်ဦးကို ကြိမ်လုံးနဲ့ အချက်ပေါင်း ၇၇ ချက် စီ ရိုက်ခဲ့တာပါ။

သူတို့နှစ်ဦး လိင်ဆက်ဆံခဲ့တယ်ဆိုတာကို အိမ်နီးနားချင်းတွေက နိုဝင်ဘာလမှာ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

အာချေးပြည်နယ်ဟာ အင်ဒိုနီးရှားမှာ အစ္စလာမ်မစ်ဥပဒေ ပြဋ္ဌာန်းထားတဲ့ တခုတည်းသောပြည်နယ် ဖြစ်ပါတယ်။

လောင်းကစားလုပ်တာ၊ အရက်သောက်တာ၊ ဆန့်ကျင်ဘက်လိင်တွေနဲ့ တွေ့ဆုံတာ အပါအဝင်တခြားပြစ်မှု ၄ ခု ကျူးလွန်မိရင်လည်း ကြိမ်ဒဏ်သင့်မှာ ဖြစ်ပါတယ်။

အသက် ၂၇ နှစ်နဲ့ ၂၉ နှစ်အရွယ်ရှိ အမျိုးသားနှစ်ဦးဟာ ဝတ်ရုံ ဝတ်ဆင်ထားပြီး မျက်နှာဖုံးတပ်ထားတဲ့ အာဏာပိုင်တွေက သူတို့ရဲ့ ကျောပြင်ကို ကြိမ်လုံးနဲ့ ရိုက်တဲ့အချိန်မှာ နာကျင်မှုကြောင့်မျက်နှာတွေ ရှုံ့မဲ့ခဲ့ကြပါတယ်။

ဒီပြစ်ဒဏ်ကို ခဏလေး ရပ်နားခဲ့ပြီး အဲဒီ အမျိုးသားနှစ်ဦးကို ရေသောက်ခွင့်ပေးခဲ့တယ်လို့ အေအက်ဖီ သတင်းအေဂျင်စီမှာ ရေးသားထားပါတယ်။

အဲဒီအမျိုးသားနှစ်ဦးထဲက တဦးရဲ့ မိခင်ဖြစ်သူကတော့ သူ့ရဲ့သား ကြိမ်လုံးနဲ့ အရိုက်ခံနေရတာကိုတွေ့မြင်ပြီး မူးမေ့လဲသွားခဲ့ပါတယ်။

အဲဒီနေ့ တစ်ရက်တည်းမှာပဲ နောက်ထပ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦးလည်း ကြိမ်ဒဏ်အချက် ၂၀ စီ အရိုက်ခံခဲ့ရပါတယ်။

သူတို့နှစ်ဦးဟာ တယောက်နဲ့တယောက် နီးနီးကပ်ကပ် ရှိနေတာကို တွေ့ရှိခဲ့တဲ့အတွက် အခုလိုပြစ်ဒဏ်ပေးခံခဲ့ရတာပါ။

အရက်မူးခဲ့တဲ့ နောက်ထပ် အမျိုးသားနှစ်ဦးလည်း ကြိမ်ဒဏ် အချက် ၄၀ အရိုက်ခံခဲ့ရပါတယ်။

"ဘယ်သူပဲ ဖြစ်နေနေ အစ္စလမ်ဘာသာတရားဥပဒေ (အစ္စလမ်တို့ရဲ့ ရှရီယာ ဥပဒေ) ရဲ့ အဆုံးအဖြတ်ဟာ အတည်ဖြစ်တယ်။ အလည်အပတ်လာရောက်သူတွေတောင် ဒေသတွင်း စည်းကမ်းသတ်မှတ်ချက်၊ ဥပဒေတွေကို လေးစားလိုက်နာရမယ်" လို့ ရဲမှူးချုပ်အဖြစ် ယာယီတာဝန်ထမ်းဆောင်နေတဲ့ Heru Triwijanarko က အေအက်ဖီ သတင်းဌာနကို ပြောပါတယ်။

အစ္စလမ်မစ် ဥပဒေတွေမှာ လိင်တူချင်း ဆက်ဆံမှုကို ခွင့်မပြုကြောင်း သတ်မှတ်ပြဋ္ဌာန်းခဲ့တဲ့၂၀၁၅ ခုနှစ်နောက်ပိုင်း အာချေးပြည်နယ်မှာ လိင်တူချင်းဆက်ဆံသူ ဂေးအမျိုးသားတွေ ကြိမ်လုံးနဲ့ အရိုက်ခံခဲ့ရတာ ဒါဟာ တတိယအကြိမ် ဖြစ်မယ်လို့ ယူဆရပါတယ်။

မွတ်ဆလင် အများစု ကြီးစိုးတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ လိင်တူချင်းဆက်ဆံတာဟာ ဘယ်နေရာမှာမှ တရားမဝင်ပါဘူး။

ဒါပေမဲ့ ဆယ်စုနှစ်တွေနဲ့ချီ ကြာမြင့်ခဲ့တဲ့ ခွဲထွက်ရေးစစ်ပွဲ အဆုံးသတ်ဖို့အတွက် ၂၀၀၆ ခုနှစ်မှာ အင်ဒိုနီးရှားအစိုးရနဲ့ ရယူခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီတခုရဲ့ တစိတ်တဒေသအဖြစ် ရှရီယာဥပဒေကို အာချေးပြည်နယ်မှာ ကျင့်သုံးခွင့်ရှိပါတယ်။

တချိန်တည်းမှာပဲ ဒီဥပဒေဟာ လူနည်းစု တခြားဘာသာဝင်တွေမှာ သက်ရောက်မှု ရှိမှာ မဟုတ်သလို နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေကိုလည်း လေးစားလိုက်နာပါမယ်လို့ အာချေးပြည်နယ် ရဲတပ်ဖွဲ့ ခေါင်းဆောင်တွေက ကတိပေးပြောကြားထားပါတယ်။

ဒါပေမဲ့ ဒီဥပဒေဟာ တဖြည်းဖြည်း ပိုမိုတင်းကျပ်လာခဲ့ပါတယ်။

ရှရီယာ ဥပဒေကို ကိုင်တွယ်ဆောင်ရွက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိပြီး အာဏာအလွဲသုံးစားမှုတွေ ရှိတယ်ဆိုပြီး စွပ်စွဲခံခဲ့ရပါတယ်။

BBC Burmese