မိုဘိုင်းဖုန်းအသုံးပြု၍ ပင်စင်လခများ ထုတ်ယူနိုင်တော့မည်

14-Nov-2020

ရန်ကုန် နိုဝင်ဘာ ၁၃

မြန်မာ့စီးပွားရေးဘဏ်နှင့် Digital Mobile Money (DMM) အပလီကေးရှင်းတို့ ပူးပေါင်းကာ အစိုးရဝန်ထမ်း များ ပင်စင်လခများကို   ဘဏ်များသို့     သွားရောက် ထုတ်ယူစရာမလိုတော့ဘဲ   မိမိတို့၏မိုဘိုင်းဖုန်းကို အသုံးပြု၍ ပင်စင်လခများထုတ်ယူနိုင်တော့မည်ဖြစ် ကြောင်း သိရသည်။

“ဒီစနစ်ကို သန်လျင်မြို့နယ်မှာစတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ကီးပတ်ဖုန်း၊ စမတ်ဖုန်း အသုံးပြုလို့ရပါ တယ်။ ပင်စင်ထုတ်ချင်ရင် အေးဂျင့်ရှိရာကို သွားပြီးတော့ ဖုန်းနံပါတ်၊ အီးပင်စင်တို့ ပေးရမှာဖြစ်ပါတယ်။ ဖုန်းကနေ SMS ပြန်ပို့တာနဲ့ ပင်စင်လခကိုထုတ်ယူနိုင်မှာဖြစ်ပါတယ်။ မြန်မာ့စီးပွားရေးဘဏ်နဲ့ သဘောတူခွင့်ပြုချက် ရယူဆောင်ရွက်ရတာဖြစ်ပါတယ်။  လောလောဆယ် သန်လျင်မြို့နယ်မှာ လူပေါင်း ၄၀၀၀ လောက်ဆောင်ရွက် နေတာဖြစ်ပါတယ်” ဟု DMM မှ စီးပွားရေးဒါရိုက်တာဒေါ်ဇာလီထွန်းဦးက ပြောကြားသည်။

လက်ရှိတွင်  သန်လျင်မြို့နယ်၌ မိုဘိုင်းဖုန်းအသုံးပြု၍ ပင်စင်ထုတ်ယူရေးကိုဆောင်ရွက်လျက်ရှိကြောင်း၊ လာမည့်ဒီဇင်ဘာလအတွင်း နေပြည်တော်၌ မိုဘိုင်းဖုန်း အသုံးပြု၍ပင်စင်လခထုတ်ပေးရေး   ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ရန်ကုန်မြို့နှင့် မန္တလေး မြို့တို့၌ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပင်စင်ထုတ်ယူလိုသော အငြိမ်းစားဝန်ထမ်းများအနေ ဖြင့် ပထမဦးစွာ Google Play Store/App Store မှတစ်ဆင့် DMM Wallet ကို Download ပြုလုပ်ရမည် ဖြစ်ကြောင်း၊ ယင်းအပလီကေးရှင်းကိုအသုံးပြု၍ ငွေလွှဲ၊ ငွေသွင်း၊ငွေထုတ်လုပ်ငန်းများကိုလည်းဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က   ၂၀၁၃ ခုနှစ်တွင် ပြည်တွင်းဘဏ်များအား Mobile Banking ၊ Internet Banking တို့ကို ခွင့်ပြုခဲ့ချိန်မှစ၍ ပြည်တွင်းဘဏ်များက ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို အပြိုင်အဆိုင်ကြိုးပမ်းခဲ့ကြကြောင်း၊  ယခုအခါ  မိုဘိုင်းဖုန်းအသုံးပြု၍ မြို့ပြ များသာမက ကျေးလက်ဒေသများအရောက်  ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ  လျင်မြန်စွာတိုးတက်လျက်    ရှိကြောင်း သိရသည်။ 

မြင့်မောင်