ပိုးကူးစက်ပြန့်ပွားနှုန်းမြင့်တက်လာနိုင်လို့ ကုသရေးပိုင်းအသင့်ပြင်ထား

23-Nov-2020

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်နှုန်းမြင့်တက်လာနိုင်တဲ့ အခြေအနေရှိတာကြောင့် ပြန့်ပွားနှုန်းတဲ့ နေရာတွေကို အိမ်ပြင်မထွက်ပဲနေကြဖို့ Stay At Home ကြေညာမှာဖြစ်ပြီး ကူးစက်နှုန်း လျော့ကျသွားတဲ့နေရာတွေကိုတော့ ဖြေလျော့ပေးတာတွေ လုပ်ပေးမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောလိုက်ပါတယ်။

ရွေးကောက်ပွဲအပြီး ရောဂါဖြစ်ပွားမှုနှုန်း တက်လာတာတွေ့ရပြီး လာမယ့်တစ်ပတ်လောက် အကြာမှာလည်း ပိုးကူးစက်နှုန်း ထပ်ပြီးတက်လာနိုင်တဲ့ အနေအထားရှိနေတာကြောင့် ကျန်းမာရေးဝန်ကြီးဌာနကလည်း ကုသရေးပိုင်း ပြင်ဆင်ထားပြီး ပြည်သူတွေအနေနဲ့လည်း ပြင်ဆင်ထားဖို့လိုတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၂၀ ရက်နေ့က ပြည်သူကို အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြား ခဲ့ပါတယ်။

“အခုဆောင်းလေကလည်း ဝင်လာပြီဆိုတော့ ကျွန်မတို့ ပြည်သူတွေ ကျန်းမာရေးဂရုစိုက်မယ်လို့ မျှော်လင့် ပါတယ်။ ကျွန်မတို့ ခန့်မှန်းတဲ့အတိုင်းပဲ ကိုဗစ်ပြန့်ပွားနှုန်းက ပြန်ပြီးများလာပါတယ်။ တွက်လိုက်မယ်ဆိုရင် ရွေးကောက်ပွဲပြီးကာလနဲ့ အခုထိဆိုရင် တစ်ပတ် ဆယ်ရက်ဆိုရင် ဒါစနေတဲ့သဘောပဲ။ နောက်တစ်ပတ် လောက်ဆိုရင် နည်းနည်းပိုပြီးတော့ မြင့်လာနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒါအတွက်လည်း ကျန်မာရေးနဲ့ အားကစားဝန်ကြီးဌာနကနေပြီး ပြင်ဆင်ထားပြီးသားပါ။ ပြည်သူတွေကလည်း ပြင်ဆင်ထားဖို့ လိုပါတယ်“

ရွေးကောက်ပွဲမတိုင်ခင်မှာ ပိုးကူးစက်မှုနှုန်း အနည်းငယ်ကျဆင်းခဲ့တယ်လို့ ပြောလို့ရပေမယ့် ရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်းမှာ ပိုးကူးစက်မှုနှုန်း ပြန်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

အခုရက်ပိုင်းအတွင်း နေ့စဉ်ထပ်တိုးလူနာ ၁၅၀၀ ကျော်အထိဖြစ်လာတာ သုံးရက်ဆက်တိုက် ရှိနေပြီဖြစ်ပါတယ်။

အဲဒီအထဲမှာ ရန်ကုန်တိုင်းက အများဆုံးဖြစ်ပြီး မန္တလေး၊ မကွေး၊ ပဲခူးတိုင်းတို့မှာလည်း တဖြည်းဖြည်း တက်လာနေပါတယ်။

ရန်ကုန်တိုင်းမှာရှိတဲ့ ဆေးရုံတိုင်း ပိုးတွေ့လူနာတွေကို လက်ခံကုသဖို့အတွက် ပြင်ဆင်ထားတယ်လို့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဆေးကုသမှုဌာန ပါမောက္ခ ဒေါက်တာ မော်မော်ဦးက ပြောပါတယ်။

“တက်လာတဲ့ လူနာအရေအတွက်ပေါ်မူတည်ပြီး ရန်ကုန်မှာရှိတဲ့ ဆေးရုံကြီးတွေဆိုရင် ကိုဗစ်ဖြစ်တဲ့ လူနာတွေအတွက်က စစချင်းသံသယရှိတဲ့လူနာတွေကို ထားနိုင်ဖို့အတွက် အရင်တိုးချဲ့ထားတယ်။ စစ်ဖို့အတွက် စစ်တဲ့အရေအတွက်လည်း တိုးချဲ့ဖို့ပြင်ထားတယ်။ စစ်ပြီးတဲ့နောက်ပိုင်း positive ၊ negative ထွက်လာတဲ့ နောက်ပိုင်းမှာမူတည်ပြီးဆက်ကုရမယ့် ကိစ္စတွေအတွက် ရန်ကုန်မှာရှိတဲ့ ဆေးရုံကြီးတွေ အကုန်လုံး positive case ကိုလက်ခံနိုင်အောင် ပြင်ဆင်ထားပြီးသားပါ။ အထွေထွေရောဂါကုဆေးရုံကြီး တိုင်းမှာ positive case ကို လက်ခံကုသဖို့ လူနာဆောင်တွေ တိုးချဲ့နေတယ်။ ရန်ကုန်ဆေးရုံကြီးဆိုရင် လူနာ၂၈၀ လောက် လက်ခံနိုင်ဖို့ ပင်မဆောင်ကြီးကို ပြင်ဆင်ပြီးသားဖြစ်တယ်။ ဒါတောင်မှပဲ လောလောဆယ် အဲဒီပင်မဆောင်ကြီးမှာ ပြည့်နေတယ်။ စိုးရိမ်တာက ဒီထက်ပိုပြီးတက်လာရင် အများကြီးမြင့်တက်လာတဲ့ အခြေအနေမျိုးဆိုရင် ဘယ်နိုင်ငံမှ မခံနိုင်ဘူး။ အခုကတော့ တစ်ထောင်ကျော်မှာ တန်းနေတယ်ဆိုရင် တစ်ထောင်ကျော်အတွက် ပြင်ဆင်ထားရင် လောက်နေပြီလို့ အခုလောလောဆယ် ယူဆလို့ရတယ်။ ဒါပေမဲ့ တစ်ထောင်ကျော်ကနေ သုံးထောင်ကျော် ဖြစ်သွားရင်တော့ အဲဒီရက်ပိုင်းတွေ အကုန်လုံးမှာက သောင်းကနင်းနဲ့ တော်တော်လေးကို ဒုက္ခရောက်မယ့် အခြေအနေရှိတယ်။ အဲဒါတွေအတွက် ပြင်ဆင်ထားပြီလား ဆိုရင်တော့ အဲဒါတွေအတွက်တော့ အာမမခံနိုင်သေးဘူး“

ပိုးကူးစက်မှုတိုးလာတဲ့ လှိုင်သာယာမြို့နယ်မှာလည်း ပညာပေးတာတွေ လုပ်ဆောင်နေတယ်လို့ လှိုင်သာယာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောပါတယ်။

“လှိုင်သာယာက လူဦးရေတအားများတဲ့အပေါ်မှာတော့ အခြားမြို့နယ်တွေနဲ့စာရင် အခက်အခဲ အများကြီး ရှိတယ်။ အိမ်မှာနေပါလို့ ပြောပေမယ့်လည်း တစ်အိမ်တစ်ယောက် ဈေးဝယ်ထွက်ရင်တောင် အဆောင်တွေ လည်းများတော့ ဈေးလိုနေရာမျိုးတွေမှာ လူကအများကြီးဖြစ်သွားတယ်။ သက်ဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကိုယ့်မြို့နယ်အတွက် ဆောင်ရွက်ပေးနေတယ်။ အသိပညာပေးအနေနဲ့ကတော့ ကျန်းမာရေးရယ်၊ စည်ပင်အဖွဲ့တွေကနေပြီး လူစည်ကားတဲ့နေရာတွေ ဈေးလိုနေရာမျိုးတွေမှာ mask တပ်ဖို့ ကမ်ပိန်းလုပ်တာ တွေလည်းရှိတယ်။ mask မတပ်တာတွေကို ဒဏ်ငွေ ၂၀၀ ရိုက်ပြီး ဖမ်းတာတွေလည်းရှိတယ်“

မရမ်ကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်းကတော့ ညွှန်ကြားချက် ထွက်လာရင် ကြပ်ကြပ်မတ်မတ် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

“အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေအနေနဲ့ အဓိကဆောင်ရွက်တာကတော့ ရောဂါကူးစက်ခံရသူတွေနဲ့ ပတ်သက်ပြီး ကုသမှုတွေကတော့ ကွာရန်တင်းစင်တာတွေ ထားထားတယ်။ Fever Clinic တွေလည်း ဆောင်ရွက်ပေးနေတယ်။ Mask မတပ်တဲ့သူတွေကို ထိထိရောက်ရောက်အရေးယူဖို့ စီစဉ်နေတယ်လို့လည်း သိရတယ်။ ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်ပါလိမ့်မယ်။ လောလောဆယ်တော့ မြို့နယ်ကိုတဆင့် ညွှန်ကြားတာတွေ မသိရသေးဘူး။ ညွှန်ကြားချက်လာရင်တော့ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားမယ်"

ကပ်ဘေးကာလအတွင်းရောဂါနဲ့ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်သင့်ပြီလို့ ကျန်းမာရေးအသိပညာ မျှဝေနေတဲ့ စာရေးဆရာ ဒေါက်တာ ဖြိုးသီဟ က ထောက်ပြပါတယ်။

“ကာကွယ်ဆေးရမှ တစ်တိုင်းပြည်လုံးမှာ ရှိသမျှလူတွေအကုန်ထိုးပြီးသွားတော့မှ စီးပွားရေးလုပ်ငန်း တွေစမယ်ဆိုရင် ဘယ်လိုမှ အဆင်မပြေဘူး။ ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ဖို့ကို အသိပညာပေးမှုတွေ လုပ်ဆောင်သင့်ပြီ။ အခုဆိုလည်း အများပြည်သူ လည်ပတ်တဲ့နေရာတွေမှာ လူတွေကအများကြီးပဲ။ တစ်ဖက်မှာ စာသင်ကျောင်းတွေ၊ စားသောက်ဆိုင်တွေကျတော့ မဖွင့်ရသေးပြန်ဘူး။ ကုန်စည်စီးဆင်းမှု တွေဆိုရင်လည်း အဆင်မပြေသေးဘူး။ အခုဖြေလျှော့မှုလုပ်ဖို့ ကြိုးစားနေပြီလို့တော့ ပြောတာပေ့ါ။ ဒါတွေကလတွေက ကြာလာတဲ့အခါမှာကိုဗစ်နဲ့ ဘယ်လိုမျိုးယှဉ်တွဲနေထိုင်ကြမလဲ။ စည်းစနစ်တကျ ပေါ့နော်။ အခုကကျတော့ stay home ဆိုပြီးပြောပေမယ့် မနေတဲ့သူက မနေဘူး။ မနေလို့လည်း ဘာမှမဖြစ်ဘူး။ လုံးဝကို စည်းပျက်ကမ်းပျက် Mask တွေမပါ လူတွေစုကြနဲ့ ဒီလိုတွေလုပ်နေကြတဲ့ အခါကျတော့ နည်းနည်းလေးလည်း ဖြေလျှော့ စည်းကမ်းလည်း တစ်ဖက်ကကြပ်ပေါ့။ အဲလိုပုံစံမျိုးနဲ့သွားမှပဲ အဆင်ပြေတော့မယ်"

ဒီရက်ပိုင်းတွေမှာ ရောဂါဖြစ်ပွားမှုမြင့်တက်လာတာကလည်း စစ်ဆေးနိုင်တဲ့ အရေအတွက် များတာကြောင့်ဖြစ်ပြီး ပြည်သူတွေအနေနဲ့ မစိုးရိမ်ကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဆေးရုံတက်တာနောက်ကျလို့ အသေအပျောက်များခဲ့တာကြောင့် ရောဂါလက္ခဏာပြလာတာနဲ့ ဆေးရုံကို အမြန်သွားဖို့လိုပြီး ဆေးရုံတွေမှာလည်း အဆင်ပြေဖို့ ပြင်ဆင်ထားတယ်လို့ သတိပေးပြောဆိုခဲ့ပါတယ်။

ကာကွယ်ဆေးထွက်လာရင်လည်း သိုလှောင်၊ ဖြန့်ဖြူး၊ ထိုးပေးဖို့ အစီအစဉ်တွေကို ဆောင်ရွက်ထားပြီး ပြည်သူတွေအနေနဲ့ ရောဂါမရအောင် နေထိုင်ကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ ည ၈ နာရီ ထုတ်ပြန်တဲ့စာရင်းအရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၇၆၄၁၄ ဦးရှိပြီး သေဆုံးသူ ၁၆၉၅ ဦးရှိနေပါပြီ။

Crd RFA