ကမ္ဘာမှာလူ ၆၃ သန်းနီးပါး၊ မြန်မာမှာ ၉ သောင်းနီးပါး ဗိုင်းရပ်စ်ကူးစက်

30-Nov-2020

(ခင်ခင်အိ)

■ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့သူက ၉ သောင်းနီးပါးရှိသွားပါပြီ၊ ကမ္ဘာမှာ ၆၃ သန်းနီးပါး ကူးစက်ခံထားရပြီး ကာကွယ်ဆေး ဖြန့်ဖြူးနိုင်ဖို့ ပြင်ဆင်နေကြပါပြီ။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ မနေ့ည ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာသစ် ၁၅၀၉ ဦး နဲ့ သေဆုံးသူ ၃၁ ဦး ရှိခဲ့တဲ့အတွက် မြန်မာနိုင်ငံမှာ စုစုပေါင်း ရောဂါဖြစ်ပွားသူ ရှစ်သောင်း ကိုးထောင် ကျော်ရှိပြီး သေဆုံးသူက တစ်ထောင့် ကိုးရာကျော် ရှိသွားပြီဖြစ်ပါတယ်။

ကမ္ဘာနဲ့အဝှမ်းမှာတော့ ဗိုင်းရပ်စ်ဖြစ်ပွားသူ ၆၂ သန်း ၇ သိန်းကျော်သွားပြီဖြစ်ပြီး သေဆုံးသူက တစ်သန်းခွဲ နီးပါးရှိနေပြီလို့ နိုင်ငံတကာ သုတေသီတွေပြုစုနေတဲ့ Worldometer ရဲ့ စာရင်းက ဖော်ပြပါတယ်။ ကူးစက်မှုအများဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာ စနေနေ့ တစ်ရက်ထဲမှာတင် လူ တစ်သိန်းခွဲကျော် ကူးစက်ခံခဲ့ရပြီး ဆေးရုံတင်ရသူ ကိုးသောင်းကျော်ရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ စုစုပေါင်ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၃ သန်းခွဲကျော် ရှိပြီး သေဆုံးသူ နှစ်သိန်း ခုနှစ်သောင်းကျော်ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်ကုမ္ပဏီ Pfizer ဖိုင်ဇာနဲ့ ဂျာမန်ကုမ္ပဏီ BioNTech ဘိုင်အွန်တက်တို့က ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို ရောင်းချသုံးစွဲခွင့်အတွက် အရေးပေါ်ခွင့်ပြုချက်ကို အမေရိကန် အစားအစာနဲ့ ဆေးဝါး ကွပ်ကဲရေးအဖွဲ့ က ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဆုံးဖြတ်ပါမယ်။ ဒီကာကွယ်ဆေး ပထမဆုံးအသုတ်ကို ဘယ်လ်ဂျီယံနိုင်ငံကနေ အမေရိကန်နိုင်ငံကို သယ်ဆောင်လာခဲ့တယ်လို့ United Airlines က အမေရိကန် NBC ရုပ်မြင်သံကြားကို စနေနေ့က ပြောကြားပါတယ်။ ဒီကာကွယ်ဆေးအလုံးရေ ၆.၄ သန်းကို အမေရိကန်ပြည်ထောင်စုတစ်ဝှမ်း ဒီဇင်ဘာလလယ်အတွင်း ဖြန့်ဖြူးမယ်လို့ သိရပါတယ်။ ဒီဇင်ဘာလကုန်ပိုင်းမှာတော့ ကာကွယ်ဆေး သန်း ၄၀ အထိ ဖြန့်ဖြူးနိုင်မယ်လို့ အာဏာပိုင်တွေက ခန့်မှန်းနေပါတယ်။ ဒီဆေးက ၉၅ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်လို့ သိရပါတယ်။

ဗြိတိန်နိုင်ငံကလည်း Pfizer နဲ့ BioNTech ကိုဗစ်ကာကွယ်ဆေးကို လာမယ့်သီတင်းပတ်မှာ အတည်ပြုဖို့ရှိနေပြီး သန်း ၄၀ ကြိုတင်မှာယူထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီအတောအတွင်းမှာပဲ ရုရှားနိုင်ငံက စမ်းသပ်နေတဲ့ ဗိုင်းရပ်စ်ကာကွယ်ဆေးတွေထဲက Sputnik V ကို အိန္ဒိယဆေးကုမ္ပဏီ Hetero နဲ့ပူးပေါင်းပြီး အိန္ဒိယနိုင်ငံမှာ သန်း ၁၀၀ ကျော်ထုတ်လုပ်မယ်လို့ သိရပါတယ်။ ဒီဆေးဟာ နိုင်ငံတကာဈေးကွက်မှာ အမေရိကန် ဒေါ်လာ ၁၀ ဒေါ်လာလောက်ကျသင့်မယ်လို့ ဆိုပါတယ်။

RFA