WHO စုံစမ်းရေးအဖွဲ့ ဝူဟန် မရောက်ခဲ့

20-Nov-2020

မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံ ဝူဟန်မြို့မှာ လူကလူကို ကူးစက်တဲ့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေပြီလို့ မနှစ်က ဒီဇင်ဘာ ၃၁ ရက်မှာ တရားဝင်ကြေညာပြီး တနှစ်နီးပါးအရောက် မြန်မာနိုင်ငံမှာ covid-19 လို့ အမည်ပေးထားတဲ့ အဲဒီဗိုင်းရပ်စ်ကပ်ရောဂါကြောင့် လူ ၁၆၇၆ ယောက် သေဆုံးသွားရပါပြီ။ မနေ့ကထိ ကူးစက်ခံရတဲ့လူ ၇၄၈၈၂ ယောက်ရှိပြီး တနေ့တည်း အတည်ပြုလူနာသစ် ၁၅၆၀ ရှိပါတယ်။ လူ ၂၆ ယောက်လည်း သေဆုံးရပြီး ဒီထဲ ၂၁ ယောက်က ရောဂါအခံရှိသူတွေလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒါတင်မက ဆောင်းရာသီဝင်လာချိန် ဗိုင်းရပ်စ် ပိုပြန့်ပွားနိုင်တဲ့အတွက် ရောဂါကူးစက်နှုန်း ထိန်းနိုင်ဖို့ နေအိမ်မှာသာ နေထိုင်ကြဖို့ ပန်ကြားချက်တစောင်ကိုလည်း မနေ့ကပဲ ထုတ်ပြန်ပါတယ်။ ပွင့်လင်းရာသီရောက်လာချိန်၊ ရုံးပိတ်ရက်ရှည် ရချိန်တွေမှာ အများပြည်သူခရီးသွားလာရင်လည်း ပိုလို့ ရောဂါပိုးကူးစက် ပြန့်ပွားနိုင်တယ်လို့ ဖော်ပြပါတယ်။ ရွေးကောက်ပွဲအကြိုနဲ့ အလွန်ကာလတွေမှာ လူစုလူဝေးတွေရှိတဲ့အတွက် တနေ့ကို လူနာသစ် ၁၆၀၀ နီးပါးရှိလာချိန်မှာ ပန်ကြားချက်ထုတ်ပြန်တာပါ။

နိုဝင်ဘာ ၂၁ ရက်က ဒီဇင်ဘာ ၅ ရက်နေ့အထိ နေအိမ်မှာနေထိုင်ဖို့ ပြည်သူတွေကို ပန်ကြားချက် ထုတ်ပြန်မယ်လို့ Covid-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ အစည်းအဝေးမှာ ဒီလ ၁၆ ရက်က ဆွေးနွေးခဲ့ပြီး ရက်ပိုင်းမှာ ထုတ်ပြန်တာလည်း ဖြစ်ပေမဲ့ ခုကြေညာချက်မှာ အချိန်ကာလသတ်မှတ်ချက် ဖော်ပြမထားပါဘူး။ အချုပ်ပြောရရင် မလိုအပ်ဘဲ ခရီးမထွက်ဖို့၊ လူစုလူဝေးမလုပ်ဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာဖို့ မေတ္တာရပ်ခံတာပဲ ဖြစ်ပါတယ်။

ကမ္ဘာမှာတော့ ဗိုင်းရပ်စ်စတင်ဖြစ်ပွားပြီး တနှစ်နီးပါးအကြာမှာ ကာကွယ်ဆေးရနိုင်တဲ့ အားတက်စရာ သတင်းတွေထွက်ပေါ်လာပါတယ်။ ကမ္ဘာ့ရှိသမျှ လူတိုင်းကို တပြိုင်တည်း ကာကွယ်ဆေး ထိုးပေးနိုင်ဖို့ မဖြစ်နိုင်သေးဘဲ ကာကွယ်ဆေးဆိုတာ ဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက် ခြေတလှမ်းပဲ ရှိသေးတယ်ဆိုတာ မမေ့လျော့ဖို့ ပညာရှင်တွေက သတိပေးပါတယ်။ ကာကွယ်ဆေး သတင်းနောက် အာရုံရောက်နေတဲ့အတွက် ဗိုင်းရပ်စ်စတင်ဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ အရင်က ဗိုင်းရပ်စ်တွေလို မဟုတ်ဘဲ ဘာ့ကြောင့် လူကလူကို ကူးစက်ရသလဲဆိုတာ စုံစမ်းစစ်ဆေးတဲ့ သတင်းက နောက်မှာရောက်နေတဲ့ ပုံလည်းရှိပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဗိုင်းရပ်စ်ခြေရာခံအဖွဲ့ တရုတ်နိုင်ငံကို ရောက်သွားပေမဲ့ ဝူဟန်ကို မသွားဖြစ်ဘူးလို့ ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် Financial Times နိုင်ငံတကာစီးပွားရေးရာ သတင်းစာက သြဂုတ်လ ၂၇ ရက်က ဖော်ပြခဲ့ပါတယ်။ WHO ရှေပြေးအဖွဲ့ဟာ ဘေကျင်းမှာပဲ သီတင်းသုံးပတ်နေခဲ့ပြီး ဝူဟန်မြို့အနားတောင် မရောက်ခဲ့ရဘူးလို့ ဆိုပါတယ်။ နိုင်ငံတကာက စုံစမ်းစစ်ဆေးဖို့ အခြေခံအချက်အလက်တွေပဲ ပြုစုရုံပြုစုခဲ့ရပါတယ်။ ဝူဟန်ရောဂါပိုးမွှားဗေဒဌာနက အထက်တန်းသိပ္ပံပညာရှင်တွေနဲ့ remote conversation လို့ပြောတဲ့ အဝေးကပဲ ဆက်သွယ်ပြောဆိုခဲ့ရတယ်လို့ ဆိုပါတယ်။ ဝူဟန်သားစိမ်းငါးစိမ်းစျေးတဝိုက်မှာ ကနဦးလေ့လာဖို့ သဘောတူခဲ့တယ်လို့ပြောပါတယ်။

အဲဒီကနဦးလေ့လာချက်ကို တရုတ်သုတေသီတွေနဲ့နိုင်ငံတကာအဖွဲ့ အဝေးကနေပူးတွဲ အလုပ်လုပ်ပြီး နောက်ပိုင်းမှာ ဒေသတွင်းဆောင်ရွက်မယ်လို့ WHO က Financial Times ကို ပြောပါတယ်။ အချိန်အတိအကျ ပြောဖို့ကတော့ ကနဦးလေ့လာချက်ကရတဲ့ အစပဏာမ ရလဒ်တွေပေါ် မူတည်တယ်လို့ ဖြေကြားထားပါတယ်။ အဲဒီသတင်းဖော်ပြတဲ့ သြဂုတ်လက စလို့ မြန်မာနိင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်-သေဆုံးနှုန်းတက်လာပြီး ခုထိ ကျဆင်းမသွားသေးပါဘူး။

ဝူဟန်သဲလွန်စဘက် ပြန်လှည့်ရရင် ဒီလ ၁၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံကပဲ ထုတ်ဝေတဲ့ Nature သိပ္ပံရေးရာ အပတ်စဉ်ဂျာနယ်မှာ covid-19 ဘယ်ကလာဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားတာ တွေ့ရပါတယ်။ ကူးစက်ရောဂါပြန့်ပွားခြင်းနဲ့ ကာကွယ်ခြင်းဆိုင်ရာပညာရှင်တွေ၊ ရောဂါပိုးမွှားဗေဒပညာရှင်တွေနဲ့ ပြည်သူ့ကျန်းမာရေး၊ တိရိစ္ဆာန်မွေးမြူရေးနဲ့ ကုသရေးအပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ဆိုင်ရာ ပညာရှင်တွေ ပါဝင်တဲ့ နိုင်ငံတကာအဖွဲ့ဟာ WHO Covid-19 စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဦးဆောင်မယ်လို့ ဖော်ပြပါတယ်။ ဒါပေမဲ့ ဘယ်သူ ဘယ်ဝါ ဘယ်ပညာရှင်ဆိုတာ အမည်နာမနဲ့တကွ WHO က ထုတ်ဖော်မပြောကြားပါဘူး။

အဖွဲ့ဟာ တရုတ်သုတေသီတွေနဲ့ အောက်တိုဘာ ၃၀ ရက်မှာ ပထမဆုံးအကြိမ် ဗွီဒီယိုကတဆင့် အစည်းအဝေးကျင်းပတယ်လို့ ဆိုပါတယ်။ ကနဦး အထောက်အထားနဲ့ အဆင့်ဆင့် လေ့လာထားတာတွေ ပြန်သုံးသပ်တယ်လို့ WHO ကပြောတဲ့ အကြောင်း ဖော်ပြပါတယ်။ ဝူဟန်မှာ ကနဦးအဆင့်အဖြစ် တရုတ်နိုင်ငံမှာရှိတဲ့ သုတေသီတွေက စုံစမ်းစစ်ဆေးထားဖွယ် ရှိတယ်လို့လည်း ပြောပါတယ်။ အဲဒိကရရှိတဲ့အချက်တွေသုံးသပ်ပြီးရင် နိုင်ငံတကာအဖွဲ့ တရုတ်နိုင်ငံကို သွားမယ်လို့ WHO ကပြောပါတယ်။ လင်းနို့ကစပြီး ဗိုင်းရပ်စ်ကူးစက်တယ်လို့ သုတေသီ အများစုက ယူဆကြပေမဲ့ လူဆီဘယ်လို ကူးစက်သွားသလဲဆိုတာ မသိကြသေးပါဘူး။ တခြားဗိုင်းရပ်စ်တွေ -ဥပမာ ၂၀၀၂ ကနေ ၂၀၀၄ ထိဖြစ်ပွားတဲ့ SARS ဆိုရင် raccoon ဆိုတဲ့ မြောက်အမေရိကမှာ ပေါက်ဖွားတဲ့ ဝက်ဝံနွယ်ဝင် အမွှေးပွ နို့တိုက်သတ္တဝါငယ် ဒါမှမဟုတ် ကြောင်ကတိုးလို တိရစ္တာန်က တဆင့်လူကို ကူးပါတယ်။ တချို့ဗိုင်းရပ်စ်တွေက တိရိစ္တာန်က တိရိစ္တာန်ကူးတာဖြစ်ပြီး ခု covid-19 ကမ္ဘာ့ကပ်ရောဂါက လူကလူကို ကူးတဲ့အတွက် ဘယ်လိုနည်းနဲ့ ကူးသလဲဆိုတဲ့ ဇာစ်မြစ်လိုက်ရတာ ကောက်ရိုးပုံထဲ အပ်ရှာရသလိုဖြစ်တာမို့ အချိန်ပေးရမယ်လို့ သုံးသပ်ပါတယ်။

covid-19 ဇာတ်လမ်းအစ ခြေရာခံနေတုန်း တကမ္ဘာလုံးမှာလည်း လူ ဆယ့်သုံးသိန်းခွဲကျော် သေဆုံးရပြီး ၅၆ သန်းကျော်ကူးစက်ခံထားရပြီလို့ အမေရိကန် Johns Hopkins တက္ကသိုလ်စာရင်းက ဖော်ပြပါတယ်။ ကပ်ရောဂါစဖြစ်ကတည်းကလည်း အမေရိကန်ပြည်သူ နှစ်သိန်းခွဲကျော်သေဆုံးသွားရပါပြီ။

Crd RFA