ဖေဖော်ဝါရီ ၅ ရက်တွင် ကျင်းပမည့်ပြိုင်ပွဲတွင် မြန်မာ MMA ကစားသမား ထီရယ်လ်ထန်၏ တွဲဆိုင်းပါဝင်မည်

26-Jan-2021

ရန်ကုန်   ဇန်နဝါရီ   ၂၅

ONE Championship   က  စီစဉ်သည့်  Unbreakable III အမည်ရပြိုင်ပွဲကို ဖေဖော်ဝါရီ ၅ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပသွားမည် ဖြစ်ပြီး မြန်မာ MMA ကစားသမား ထီရယ်လ် ထန်၏ တွဲဆိုင်းပါဝင်လာမည်ဖြစ်သည်။

ထီရယ်လ်ထန်သည် ဖေဖော်ဝါရီ  ၅ ရက်တွင်ကျင်းပမည့်ပြိုင်ပွဲတွင် ၎င်း၏တွဲဆိုင်း ပါဝင်လာမည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သော်လည်း ONE Championship က ထီရယ်လ်ထန်နှင့်  ထိုးသတ်မည့်ပြိုင်ဘက် ကစားသမားကို တရားဝင်ကြေညာခြင်းမရှိ သေးပေ။ ထီရယ်လ်ထန်သည် ONE Cham- pionship နှင့် ၂၀၁၉ ခုနှစ်တွင် စတင်လက်တွဲ ခဲ့ပြီး  ယင်းနှစ်တွင် နှစ်ပွဲထိုးသတ်ခဲ့ရာ နှစ်ပွဲ စလုံး အနိုင်ရခဲ့သည်။   ထီရယ်လ်ထန်သည် ၂၀၁၉ ခုနှစ် မတ်လတွင် ရန်ကုန်မြို့ ၌   ကျင်းပ သည့်ပြိုင်ပွဲတွင် ကမ္ဘောဒီးယားနိုင်ငံသား ဆာရော့သ်ကိုလည်းကောင်း၊   ၂၀၁၉  ခုနှစ် ဒီဇင်ဘာလတွင် မလေးရှားနိုင်ငံ၌ ကျင်းပသည့် ပြိုင်ပွဲတွင် တောင်ကိုရီးယားနိုင်ငံသား ကင်ဝမ် ကွမ်ကိုလည်းကောင်း အနိုင်ရခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ပြိုင်ပွဲများထိုးသတ်ရခြင်းမရှိဘဲ ၂၀၂၁ ခုနှစ်မှ ပြန်လည်ထိုးသတ်ရခြင်းဖြစ်သည်။ မြန်မာ နာမည်ကြီး MMA ကစားသမား အောင်လအန် ဆန်သည် ထီရယ်လ်ထန်နှင့်အတူ စင်ကာပူနိုင်ငံသို့ ရောက်ရှိနေပြီး ပြိုင်ပွဲအတွက်  ပြင်ဆင်ရာတွင် ကူညီဆောင်ရွက်ပေးလျက် ရှိသည်။ ထီရယ်လ်ထန်သည် ဇန်နဝါရီတတိယပတ်ကတည်းက စင်ကာပူနိုင်ငံသို့ ကြိုတင်ရောက်ရှိနေခြင်းဖြစ်သည်။

ONE Championship သည် ၂၀၂၁ ခုနှစ်တွင် ပြိုင်ပွဲများကို ယခုလ ကတည်းက စတင်ကျင်းပနေခြင်းဖြစ်သည်။ ပထမဆုံးပြိုင်ပွဲကို ဇန်နဝါရီ ၂၂ ရက်က ကျင်းပခဲ့ကာ ဒုတိယပြိုင်ပွဲကို ဇန်နဝါရီ ၂၉ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်သည်။ ထီရယ်လ်ထန်၏ပွဲစဉ်မှာ တတိယမြောက်ပြိုင်ပွဲဖြစ်သည့် ဖေဖော်ဝါရီ ၅ ရက်တွင်ကျင်းပမည့်ပြိုင်ပွဲတွင် ပါဝင်လာခြင်းဖြစ်သည်။

သတင်း - ရှိုင်းထက်ဇော်

ဓာတ်ပုံ - ONE Championship