သမ္မတတာဝန် စယူရင် ဂျိုးဘိုင်ဒန် ဦးစားပေးလုပ်မယ့်အစီအစဉ်တွေ

10-Nov-2020

ဒေါ်နယ်ထရမ့်ကို အနိုင်ရပြီးတဲ့နောက် အမေရိကန်ရဲ့ ရွေးချယ်တင်မြှောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ဟာ သူတာဝန်စယူရင် ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ပြဿနာအရေးကို ဦးစားပေး ကိုင်တွယ်ဖြေရှင်းမယ့်အကြောင်း သူ့အဖွဲ့ကပြောပါတယ်။

ကြားကာလအစီအစဉ်တွေထဲက ပထမဆုံးလုပ်ဆောင်မှာတွေကို ကြေညာရာမှာ ဗိုင်းရပ်စ်ပိုး ဆေးစစ်တာတွေကို ပိုလုပ်မယ်၊ အမေရိကန်ပြည်သူတွေကို နှာခေါင်းစည်းတပ်ကြဖို့ ပန်ကြားသွားမယ်လို့ သူ့အဖွဲ့က ဆိုပါတယ်။

တနင်္လာနေ့မှာ မစ္စတာ ဘိုင်ဒန်က ကိုရိုနာဗိုင်းရပ်စ် အလုပ်အဖွဲ့ အတွက် လူ ၁၂ ယောက်ရဲ့ အမည်တွေကို ကြေညာလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

မစ္စတာ ထရမ့်ကတော့ အခုထိ သူရှုံးပြီဆိုတာကို မကြေငြာသေးပါဘူး။ ဒါပေမဲ့ မစ္စတာ ဘိုင်ဒန် နိုင်ပြီဆိုတဲ့ တွက်ဆပြောဆိုချက်တွေ ထွက်နေဆဲဖြစ်သလို နောက်ထပ် အဓိကပြည်နယ်တွေက မဲတွေကိုလည်း ဆက်လက်ရေတွက်နေဆဲပါ။

ဒီလိုအချိန်မှာပဲ ဒီမိုကရက် ဂျိုး ဘိုင်ဒန်က ဇန်နဝါရီလမှာ သူအိမ်ဖြူတော်ရောက်ရင် လုပ်မယ့် အစီအစဉ်တွေကို ဆွဲထားပါပြီ။

အဲဒီထဲမှာ သမ္မတလုပ်ပိုင်ခွင့်အာဏာအရ ထုတ်ပြန်မယ့် အမိန့်ညွှန်ကြားချက်တွေ လည်းပါဝင်တယ်ဆိုတဲ့ သတင်းတွေ ရပါတယ်။

အဲဒီအမိန့်တွေကို ဖက်ဒရယ်အစိုးရထံ သမ္မတက တိုက်ရိုက်ညွှန်ကြားနိုင်တာဖြစ်ပြီး လွှတ်တော်ရဲ့ အတည်ပြုချက်ရယူ စရာမလိုအပ်ပါဘူး။ အဲဒီအမိန့်တွေဟာ ထရမ့်လုပ်ခဲ့တဲ့ အငြင်းပွားစရာ မူဝါဒတွေကို ပြောင်းပြန်လှန်ပစ်မှာ လို့လည်း ဆိုကြပါတယ်။

အမေရိကန် သတင်းဌာနတွေမှာ ဖော်ပြနေကြတဲ့ မစ္စတာ ဘိုင်ဒန် လုပ်မယ့် အစီအစဉ်တွေက အခုလိုပါ။

မစ္စတာ ဘိုင်ဒန်ဟာ ပဲရစ် ရာသီဥတု သဘောတူညီချက် အဖွဲ့ဝင်နိုင်ငံအဖြစ် ပြန်လည်ဝင်ရောက်ပါလိမ့်မယ်။ အဲဒီသဘောတူညီချက်ကနေ အမေရိကန်က ထွက်ထားတာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စလို့ အသက်ဝင်ခဲ့ပါတယ်။

သူဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အမေရိကန် နုတ်ထွက်ထားတဲ့ ဆုံးဖြတ်ချက်ကိုလည်း ပြန်ပြောင်းမှာပါ။

မွတ်စလင်အများစုနေထိုင်ကြတဲ့နိုင်ငံ ၇ နိုင်ငံကလူတွေကို အမေရိကန် ပြည်ဝင်ခွင့် ဗီဇာပိတ်ထားတာကိုလည်း သူက အဆုံးသတ်ပစ်ပါလိမ့်မယ်။

သူဟာ အမေရိကန်နိုင်ငံထဲကို ကလေးဘဝက ပြည်ဝင်ခွင့် အထောက်အထားမဲ့ ဝင်ရောက်လာခဲ့တဲ့ သူတွေကို အမေရိကန်မှာ တရားဝင်နေထိုင်ခွင့်ပေးတဲ့ အိုဘားမား အစိုးရလက်ထက်က မူဝါဒကို ပြန်ပြီး လက်ခံကျင့်သုံးပါလိမ့်မယ်။

သူနိုင်ပြီလို့ သတ်မှတ်ကြတဲ့ စနေနေ့က မစ္စတာ ဘိုင်ဒန်ဟာ ရွေးချယ်တင်မြှောက်ခံ သမ္မတအဖြစ် ပထမဆုံး မိန့်ခွန်းကို ပြောရာမှာ အမေရိကန်ပြည်သူတွေ အနေနဲ့ "ဒဏ်ရာတွေကို ကုစားကြဖို့ အချိန်ရောက်ပြီ" ဆိုတာနဲ့ "မကွဲပြားကြဘဲ ညီညွတ်ကြဖို့" အတွက် တိုက်တွန်းခဲ့ပါတယ်။

ထရမ့်ထောက်ခံသူတွေအတွက် ရည်ညွှန်းပြီး "ကျွန်တော်တို့ကို ဆန့်ကျင်သူတွေကို ရန်သူအဖြစ် သဘောထားနေတာကို ကျွန်တော်တို့ ရပ်တန်းက ရပ်ဖို့လိုတယ်" လို့ ပြောကြားခဲ့ပါတယ်။

သူနဲ့ ရွေးချယ်တင်မြှောက်ခံ ဒုတိယ သမ္မတ ကာမလာ ဟဲရစ်တို့ဟာ ကြားကာလ အတွက် ဝက်ဆိုက်တစ်ခုကို ဖွင့်လှစ်ခဲ့ပြီး သူတို့အဖွဲ့အနေနဲ့ စီးပွားရေး၊ လူမျိုးခွဲခြားမှု တိုက်ဖျက်ရေး၊ ရာသီဥတုပြောင်းလဲမှု စတဲ့အရေးတွေကို အာရုံထား ဆောင်ရွက်သွား မယ်လို့ ဆိုပါတယ်။

ဂျိုးဘိုင်ဒန်ရဲ့ ကမ္ဘာ့ကပ်ဆိုင်ရာ အစီအစဉ်က ဘာလဲ

အစိုးရအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်အရေးကိုင်တွယ်တဲ့နေရာမှာ ကြီးမားတဲ့ အပြောင်း အလဲတွေလုပ်သွားမယ့် အကြောင်း ရွေးချယ်တင်မြှောက်ခံ သမ္မတက ကတိပြု နေပါတယ်။

မစ္စတာထရမ့်ကတော့ ကမ္ဘာ့ကပ်ရဲ့ အနက်အရှိုင်းပြဿနာကို ခပ်ပေါ့ပေါ့သာ သဘောထားခဲ့ပြီး လူချင်းခပ်ခွာခွာနေရမှာ၊ နှာခေါင်းစည်းတပ်ရမှာ စတဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းတွေကို အလေးမထားခဲ့ပါဘူး။

မစ္စတာ ဘိုင်ဒန်ရဲ့အဖွဲ့က သူတို့အစိုးရအနေနဲ့ အမေရိကန် ပြည်သူတိုင်း ဆေးစစ်ခွင့် ကို အချိန်မှန် ရစေဖို့လုပ်ဆောင်မှာ ဖြစ်ပြီး အခမဲ့လည်း ရနိုင်ရမယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် အချက်အလက်အထောက်အထားတွေကို အခြေခံထားတဲ့ လမ်းညွှန်ချက်တွေကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်မှာ ဖြစ်ပြီး လမ်းညွှန်ချက် တစ်ခုနဲ့တစ်ခုဟာ ကျိုးကြောင်း ဆီလျော်စွာ တစ်သမတ်တည်းညီညွတ်နေစေရမယ်လို့ ပြောပါတယ်။

ဗိုင်းရပ်စ်အရေးအတွက် အလုပ်အဖွဲ့ကို အရင် ကျန်းမာရေးဆရာဝန်ချုပ် ဒေါက်တာ ဗီဗက် မာသီ နဲ့ အရင် အစားအသောက်နဲ့ ဆေးဝါး စီမံအုပ်ချုပ်ရေးဌာန အကြီးအကဲ ဒေးဗစ် ကက်စ်လာတို့က ဦးဆောင်သွားပါလိမ့်မယ်။

မစ္စတာ ဘိုင်ဒန်က နိုင်ငံတစ်ဝန်းမှာ နှာခေါင်းစည်း မတပ်မနေရ စည်းမျဉ်းချမှတ် ဖို့လည်း ဆန္ဒရှိပြီး ဒီလိုစည်းမျဉ်းတွေက ထောင်ပေါင်းများစွာရဲ့ အသက်တွေကို ကယ်ဆယ်နိုင် မယ်လို့လည်း ဆိုပါတယ်။

အမေရိကန်ပြည်သူတိုင်း မိမိတို့ အိမ်ပြင်ပမှာ နှာခေါင်းစည်း တပ်ကြဖို့ သူတောင်းဆိုသွားမှာဖြစ်ပြီး ချမှတ်လိုက်တဲ့ စည်းမျဉ်းတွေကို ပြည်နယ် အုပ်ချုပ်ရေးမှူးတွေ၊ ဒေသခံအာဏာပိုင်တွေကလည်း လက်ခံကာ ပြည်သူတွေ မဖြစ်မနေလိုက်နာလုပ်ဆောင်သွားစေအောင် ဆက်လက် ကြပ်မတ်လုပ်ကိုင်စေချင်ပါတယ်။

အမေရိကန်မှာ ကိုဗစ် ရောဂါရရှိသူအသစ် တနင်္ဂနွေနေ့က တစ်သိန်းကျော် ရှိခဲ့ပြီး အဲဒီလောက် အရေအတွက်နဲ့ တိုးဖြစ်လာနေတာ ၅ ရက် ဆက်တိုက်ဖြစ်လာပါပြီ။

ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ရသူအရေအတွက်ကလည်း ၂၃၇,၀၀၀ ကျော်ဖြစ်လာပါပြီ။

ဒီလ အစောပိုင်းတုန်းက ဗိုင်းရပ်စ်ဆိုင်ရာ ပညာရှင် ဒေါက်တာ အန်တိုနီ ဖောင်ချီက အမေရိကန်နိုင်ငံဟာ ဆောင်းတွင်းကို ချဉ်းကပ်လာနေပြီး အခန်းတွင်းမှာလူတွေ ပိုစုဝေးနေကြမယ့်အချိန်ရောက်လာတော့မှာမို့ "ပိုဆိုးလာနိုင်တဲ့အခြေအနေတွေ တွေ့ရနိုင်တယ်" လို့ ပြောခဲ့ပါတယ်။

ဗိုင်းရပ်စ်ကပ်ကြောင့် အမေရိကန် စီးပွားရေးထိခိုက်နေပြီး လူသန်းပေါင်းများစွာလည်း အလုပ်ပြုတ်နေကြတဲ့အခြေအနေကို ပြန်နာလန်ထူအောင်လုပ်မယ့် အစီအစဉ်တွေ လည်း မစ္စတာ ဘိုင်ဒန်က ကြေငြာခဲ့ပါတယ်။

အဲဒီထဲမှာ ထုတ်လုပ်ရေးလုပ်ငန်းတွေ တိုးမြှင့်တာ၊ အခြေခံအဆောက်အဦ တည်ဆောက်ရေးဘက်မှာ ရင်းနှီးမြှုပ်နှံတာ၊ ကလေးသူငယ် စောင့်ရှောက်ရေး ကုန်ကျစားရိတ်တွေ ကျဆင်းပြီး လူအများတတ်နိုင်အောင် လုပ်ဆောင်မှာ၊ လူမျိုးကွဲပြားမှုအလိုက် ဆင်းရဲချမ်းသာ ကွာဟနေတာတွေကို လျှော့ချသွားမှာ စတာတွေ ပါဝင်ပါတယ်။

လူမှုအသိုင်းအဝိုင်းအတွင်း သမားရိုးကျလိုဖြစ်နေတဲ့ လူမျိုးရေး ခွဲခြားမှုတွေကို ဘယ်လို ဖြေရှင်းမလဲ

မစ္စတာ ထရမ့်လက်ထက်ကာလမှာ လူတွေက ထရမ့်ကို လူမျိုးရေး တင်းမာမှု တွေပိုဖြစ်စေတယ်လို့ စွပ်စွဲကြသလို လူဖြူကြီးစိုးရေးအုပ်စုတွေကို ရှုတ်ချဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း ဝေဖန်ခဲ့ကြတာပါ။ အဲဒီကာလမှာ ဖြစ်ခဲ့တာတွေနဲ့ ခွဲထွက်ပြီး မစ္စတာ ဘိုင်ဒန်က သူ့အစိုးရတာဝန်ယူရင် လူမျိုးရေးခွဲခြားဆက်ဆံမှုတွေကို အဓိကထားပြီး ကိုင်တွယ်ဖြေရှင်းဖို့ ရည်မှန်းထားပါတယ်။

သူ့ရဲ့ လုပ်ငန်းအစီအစဉ်တွေထဲမှာ လူမည်းနဲ့ လူနည်းစု လူမျိုးစု အသိုင်း အဝိုင်းတွေအတွက် အိမ်ရာ အဆောက်အဦတွေကို လူအများ တတ်နိုင်တဲ့ စျေးနှုန်း တွေနဲ့ ရရှိနိုင်ဖို့၊ အလုပ်သမားတွေ မျှမျှတတ ဆက်ဆံခံရဖို့၊ သင့်တော်တဲ့ လုပ်ခရစေဖို့ စတာတွေအပြင် လူမျိုးကွဲပြားမှုအလိုက် ဆင်းရဲချမ်းသာ ကွာဟနေတဲ့ပြဿနာကို ဖြေရှင်းနိုင် ရေးအတွက် အထောက်အကူပြုမယ့် ငွေကြေး ဆိုင်ရာ ပေါ်လစီတွေကို အမေရိကန် ဗဟိုဘဏ်က ချမှတ်နိုင်အောင်အတွက်လည်း အားပေးသွားမှာ ဖြစ်ပါတယ်။

ရဲတွေလက်ထဲမှာ သေဆုံးမှုတွေ ဖြစ်ခဲ့ရတဲ့အကြောင်းတစ်ခုဖြစ်တဲ့ လည်ပင်းကို ချုပ်ဖမ်းဆီးတဲ့ နည်းကိုလည်း မစ္စတာ ဘိုင်ဒန်က ပိတ်ပင်ချင်တယ်လို့ သိရသလို စစ်ပွဲတွေမှာ အသုံးပြုတဲ့ လက်နက်မျိုးတွေ ရဲတပ်ဖွဲ့ဝင်တွေကို အသုံးပြုခွင့်ပေးနေတာကိုလည်း ရပ်ဆိုင်းလိုတဲ့ ဆန္ဒရှိပါတယ်။

ဒါ့အပြင် အမျိုးသား ရဲတပ်ဖွဲ့ စောင့်ကြည့်ရေး ကော်မရှင်ကို ဖွဲ့စည်းလိုကြောင်းလည်း သိရပါတယ်။

အမေရိကန်ထောင်တွေထဲမှာ လူ ၂ သန်းကျော်ရှိနေပြီး ဒါဟာ ကမ္ဘာမှာ အကျဥ်းသား အရေအတွက်အများဆုံး ရှိတဲ့ နိုင်ငံဖြစ်နေတာပါ။

အဲဒီအကျဉ်းသားတွေထဲမှာမှ လူမည်းနဲ့ လူနည်းစု လူမျိုးတွေရဲ့ အရေအတွက်က သက်ဆိုင်ရာ လူဦးရေနဲ့ နှိုင်းယှဉ်ရင် အများဆုံးဖြစ်နေပါတယ်။ အကျဉ်းထောင်ထဲမှာ လူတွေများနေတဲ့ အရေးကိုလည်း ကိုင်တွယ်ဖြေရှင်းဖို့ မစ္စတာ ဘိုင်ဒန်က အစီအစဉ်ချထားပါတယ်။

သူ့အစီအစဉ်အရ ထောင်ကျသူတွေကို "ပြန်လည်ကောင်းမွန်သွားအောင်၊ ပြန်လည်ရပ်တည်နိုင်အောင်" ပိုပြီး ဦးစားပေးသွားမယ်လို့ သိရပြီး အစီအစဉ်ထဲမှာ "ကျွန်ုပ်တို့ရဲ့ ရာဇဝတ်မှု တရားစီရင်ရေး စနစ်ဟာ စနစ်အတွင်းမှာဖြစ်နေတဲ့ လူမျိုးရေးခွဲခြားမှု၊ ကျားမ ခွဲခြားမှု၊ ဝင်ငွေပေါ်မူတည်ပြီး ခွဲခြားမှု စတာတွေကို မဖယ်ရှင်းဘူးဆိုရင် တရားမျှတမှုကို ဖော်ဆောင်နိုင်မှာ မဟုတ်ဘူး"လို့ ဆိုထား ပါတယ်။

Crd BBC News