NLD အမတ်ကို လုပ်ကြံမှု လက်နက်ကိုင်အဖွဲ့တွေ ရှုတ်ချ

24-Nov-2020

ကျောက်မဲမြို့နယ်အတွင်း နှစ်စဉ်လုပ်ကြံခံရလို့ သေဆုံးမှုတွေထဲမှာ ဦးထိုက်ဇော်ဖြစ်စဉ်ဟာ နောက်ဆုံး ဖြစ်စေချင်တယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။ ဒေသအတွင်းလှုပ်ရှားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့ကလည်း ဦးထိုက်ဇော်လုပ်ကြံခံရမှုကို ရှုတ်ချကြောင်းပြောဆိုထားကြပါတယ်။

ကျောက်မဲမြို့နယ် ဟာ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့တွေ အဓိကလှုပ်ရှားတဲ့ နေရာဖြစ်ပါတယ်။ တအာင်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်ကတော့ သူတို့အဖွဲ့က ကျောက်မဲတောင်ပေါ်တစ်ဝိုက်သာ လှုပ်ရှားလေ့ရှိပြီး လက်ရှိအခင်းဖြစ်တဲ့နေရာကို သူတို့တပ်ဖွဲ့တွေ မရောက်ဘူးလို့ ပြောပါတယ်။ ဦးထိုက်ဇော်လုပ်ကြံခံရမှုဟာ သူတို့အဖွဲ့လက်ချက် မဟုတ်ကြောင်းနဲ့ ခုလို ပစ်ခတ်မှုကိုလည်း ကန့်ကွက်ကြောင်း ပြောပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ပြန်ကြားရေးတာဝန်ခံတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးစိုင်းသန်းအောင်ကလည်း ၂၀၁၈တိုက်ပွဲဖြစ်ပြီးထဲက သူတို့ တပ်ဖွဲ့တွေ နောင်ပိန်နဲ့ ပင်တိန်ကျေးရွာတွေဘက်မှာ မလှုပ်ရှားတော့ဘူးလို့ ဆိုပါတယ်။ အခုဖြစ်စဉ်ဟာသူတို့နဲ့ မသက်ဆိုင်ဘူးလို့ငြင်းပါတယ်။

နောင်ပိန်တိုက်နယ်ကျေးရွာဟာ လက်ရှိမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့တွေ အဓိက လှုပ်ရှားတဲ့နေရာဖြစ်ပါတယ်။ဒီလို လှုပ်ရှားတယ်ဆိုပေမယ့် သူတို့တပ်ဖွဲ့တွေ တောတွင်းမှာပဲရှိတာဖြစ်ပြီး မြို့ပေါ်နဲ့ ကျေးရွာတွေမှာ လှုပ်ရှားတာမရှိဘူးလို့ RCSS ဖက်ကပြောပါတယ်။ လက်ရှိဖြစ်စဉ်ကို သူတို့ တိတိကျကျ မသိသေးလို့ ဘာမှမှတ်ချက်မပေးလိုကြောင်း လက်နက်နဲ့ပစ်ခတ်တဲ့ ကိစ္စတွေအပေါ်မှာ ကန့်ကွက်ကြောင်း RCSS ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းအွမ်ခေးက ပြောပါတယ်။

သေဆုံးသွားတဲ့ ကျောက်မဲပင်တိန်ရွာက ဦးထိုက်ဇော်ကို နိုဝင်ဘာလ ၂၂ရက်နေ့က သင်္ဂြိုဟ်ခဲ့ပြီးဖြစ်ပါတယ်။ သူ့ရဲ့နာရေးကို ရှမ်းပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင် တက်ရောက်ပါတယ်။ အခုလိုဖြစ်စဉ်တွေ မဖြစ်အောင် လူထုဆန္ဒကို ဆန့်ကျင်တဲ့ လက်နက်ကိုင် အကြမ်းဖက်ဝါဒကို ပပျောက်ဖို့ ဝိုင်းဝန်းကြိုးစားဖို့လိုတယ်လို့ ရှမ်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောပါတယ်။

ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၁ ကအနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော် သေနတ်ပစ်ခတ်ခံရမှု ကိစ္စကို နေပြည်တော်ကနေ အထူးအမှုစစ်အဖွဲ့တစ်ခုကို ဖွဲ့စည်းပေးထားပြီး စုံစမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက RFAကို ပြောပါတယ်။

ဦးထိုက်ဇော် လုပ်ကြံသတ်ဖြတ်ခံရတဲ့ဖြစ်ရပ်ကို ရှုတ်ချကြောင်း မြန်မာနိုင်ငံရှိကုလသမဂ္ဂရုံးကလည်း အောက်တိုဘာလ (၂၃) ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ ကျူးလွန်သူတွေကို အမြန်ဆုံးရှာဖွေဖော်ထုတ်ပြီး ဥပဒေနဲ့ အညီအရေးယူဆောင်ရွက်ဖို့လည်း ကုလသမဂ္ဂရုံးက တိုက်တွန်းထားတာပါ။

ဦးထိုက်ဇော် အနိုင်ရရှိခဲ့တဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် ၁ မှာ ပါဝင်တဲ့ မြို့နယ်တွေကတော့ ကျောက်မဲ၊ နောင်ချို၊ နမ္မတူ၊ သီပေါ၊ မိုးမိတ်၊ မဘိမ်းတို့ ဖြစ်ပါတယ်။

လွှတ်တော် ပုံမှန်သက်တမ်းရဲ့ ပထမနှစ်နဲ့ ပဉ္စမနှစ်တို့မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခြင်း မပြုရလို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေတွေမှာ ပြဋ္ဌာန်းထားချက်အရဆိုရင် လာမယ့်နှစ်ထဲမှာ ကြားဖြတ်ရွေးကောက်ပွဲ ရှိမှာမဟုတ်ပါဘူး။

လာမယ့်လွှတ်တော်ကို နှစ်ဆန်းပိုင်းမှာ အစပြုမှာဖြစ်ပြီး အဲဒီနောက်ပိုင်း ကြားဖြတ်ရွေးကောက်ပွဲတစ်ခုခု ကျင်းပတဲ့အခါ ဦးထိုက်ဇော် အနိုင်ရရှိခဲ့တဲ့ အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် ၁ လည်း ပါဝင်မှာ ဖြစ်ပါတယ်။

ကျောက်မဲမြို့နယ်မှာ အခုလိုပဲ သေနတ်နဲ့ပစ် ခတ်လုပ်ကြံမှုတွေ မကြာခဏရှိနေပြီး လုပ်ကြံခံရသူတွေထဲမှာ  ဘုန်းတော်ကြီးတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ နိုင်ငံရေး ပါတီကပုဂ္ဂိုလ်တွေ၊ ထွေအုပ်စားရေးတွေ ပါဝင်ပါတယ်။၂၀၁၉ နိုဝင်ဘာတုန်းက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဝင် သုံးဦလည်း လုပ်ကြံခံခဲ့ရပါတယ်။

Crd RFA