ကိုဗစ်အန္တရာယ်ကြောင့် ကချင်ကျောက်တူးလုပ်ငန်း နောက်ထပ် ၂ လတိုးရပ်ဆိုင်း

11-Dec-2020

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့် ကချင်ပြည်နယ်က ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေ ရပ်ဆိုင်းထားတာကို နောက်ထပ် ၂ လ သက်တမ်းတိုးလိုက်တဲ့ အကြောင်းပြောပြပါမယ်။

မိုးရာသီကာလမှာ အန္တရာယ်ရှိတာကြောင့် လုံးခင်း၊ ဖားကန့်၊ ခန္တီးနှင့် မော်လူး-မော်ဟန် ရတနာနယ်မြေတွေမှာ ကျောက်မျက် တူးဖော်ထုတ်လုပ်တဲ့ လုပ်ငန်းတွေကို ဇူလိုင်လ ၁ရက်နေ့ကနေ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ယာယီရပ်နားထားခဲ့တာပါ။ ယာယီရပ်ဆိုင်းထားတာ သက်တမ်းကုန်သွားချိန်မှာပဲ ဒေသတွင်းမှာ ကိုဗစ်ရောဂါကူးစက်မှုတွေ ပိုများလာတဲ့အတွက် ထိန်းချုပ်နိုင်အောင် အောက်တိုဘာ ၁ ရက်နေ့ကနေ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ လုပ်ငန်းတွေကို ဆက်လက်ရပ်ဆိုင်းထားဖို့ တာဝန်ရှိသူတွေ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ်က အမှုဆောင်အရာရှိ ဦးမင်းသူက ပြောပါတယ်။

“ပြီးခဲ့တဲ့ မိုးတွင်းကာလတုန်းကတော့ မိုးတွင်းကာလဖြစ်တဲ့တွက် မြေပြိုမှုတွေ ဘာညာဖြစ်မှာစိုးလို့ ပထမ မိုးတွင်းကာလ ၃ လ ကို ယာယီရပ်နားခဲ့တာပေါ့နော်။ ယာယီရပ်နားပြီးတော့ နောက်တစ်ခါ ကျောက်မျက်လုပ်ငန်းရှင်များအသင်းကနေပြီးတော့ပဲ နောက်ထပ် ၂ လလည်း ကိုဗစ်ကာလဖြစ်တဲ့ အတွက် ယာယီရပ်နားဖို့ သူတို့တင်ပြချက်အရ ကျနော်တို့ကလည်း အထက်ဌာနတွေကို ကျနော်တို့ တင်ပြပြီးတော့ နားခဲ့တာပေါ့နော်။ အခုတစ်ခါကျတော့လည်း အဲ့ဒီလိုပါပဲဗျ။ အခုဟာကတော့ ပိုပြီး တော့ အဲ့ဒီဖားကန့်ဘက်မှာ ပိုပြီးတော့ ပိုးတွေ့လူနာတွေလည်း များလာတယ်။ Stay at Home တွေ လုပ်လာတယ်။ ပိုပြီးတော့ semi lockdown လုပ်တာတွေလည်း ရှိတယ်။ အဲ့ဒီဘက်မှာ အဝင်အထွက်တွေက များလာတဲ့ အနေအထားမျိုးရှိတော့၊ ဒီအနေအထားမှာ ကျောက်မျက်အသင်းအနေနဲ့ သူတို့ကတော့ ထပ်မံယာယီရပ်နားနိုင်ရေးကို ညှိနှိုင်းတင်ပြလာပါတယ်။ အဲ့ဒါနဲ့ ကျနော်တို့ကလည်း အထက် ဌာနကို တင်ပြပြီးတော့ ထပ်ပြီးတော့ ယာယီရပ်နားတဲ့ အခြေအနေပါဗျ။”

မြန်မာနိုင်ငံအဝန်း ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ ကချင်ပြည်နယ်က ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကြောင့် ထင်ရှားတဲ့ ဖားကန့်ဒေသမှာလည်း ကူးစက်သူ အတည်ပြုလူနာတွေ တိုးလာနောတပါ။ ရောဂါကူးစက်မှုတွေ တိုးလာနေတဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေအပြင် ဒေသခံအာဏာပိုင်တွေပါ ပူးပေါင်းပြီး ထိန်းချုပ်နိုင်ဖို့ စီစဉ်နေတယ်လို့လည်း ဖားကန့်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ပြောပါတယ်။

“ဖားကန့်မှာဆိုတာထက် လုံးခင်းမှာနဲ့ ဆိတ်မူပေါ့ဗျာ၊ အကုန်လုံး ၂၀၀ ကျော်ဖြစ်သွားတာပေ့ါ။ Positive ဖြစ်တဲ့လူနာက အဲ့ဒီတော့ နည်းနည်းများလာတယ်လို့ ထင်တာပဲလေ။ COVID-19 ထိန်းချုပ်ရေး Mobile Team ဆိုပြီးတော့ ဖွဲ့ထားတာပေါ့ဗျာ။ အဲ့ဒီမှာကတော့ အုပ်ချုပ်ရေးပါမယ်၊ ရဲလည်းပါမယ်၊ တပ်ကလည်း ပါမယ်နောက် ဌာနဆိုင်ရာတွေလည်းပါမယ်ပေါ့ဗျာ။ လဝကတို့ ဘာတို့ နောက်ပြီးတော့ ကျန်းမာရေးဌာနပေါ့။ အကုန်လုံးပေါင်းပြီးတော့မှ ကျနော်တို့က ညပိုင်းတို့ နေ့ပိုင်းတို့ လှည့်လည်ပြီးတော့ လော်စပီကာနဲ့ အော်တာမျိုး။ Team နဲ့ကတော့ မလိုက်နာတဲ့သူတွေကို COVID 19 စည်းကမ်းဥပဒေမလိုက်နာတဲ့သူ၊ ဖောက်ဖျက်တဲ့သူ၊ တချို့နည်းနည်းပါးပါးလုပ်တဲ့သူတွေကို ကျနော်တို့ကတော့ ထိန်းသိမ်းနိုင်အောင် COVID Team ဆိုပြီးတော့ ဖွဲ့ထားပြီးတော့ လှည့်ပတ်နေပါတယ်။”

ကချင်ပြည်နယ်မှာ ရောဂါကူးစက်မှုတွေတိုးလာတာကြောင့် သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်တာအပါအဝင် ရောဂါထိန်းချုပ်ရေး အစီအစဉ်တွေကိုလည်း တိုးမြှင့်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ မနေ့တုန်းကအထိ ကချင်ပြည်နယ်မှာ ကိုဗစ်ရောဂါပိုး ကူးစက်သူ အတည်ပြုလူနာ ၂၉၀ ကျော် ရှိနေပြီး အများဆုံးဖြစ်တဲ့ ဖားကန့်ဒေသမှာတော့ ၂၂၈ ယောက်ရှိနေပါတယ်။

VOA News