တနင်္သာရီမြို့၌ နေအိမ်ဆောက်ရန် မြေတူးစဉ် အရှေ့အိန္ဒိယကုမ္ပဏီ ရှေးဟောင်းဒင်္ဂါးပြား ၁၇၂ ပြားတွေ့ရှိ

09-Jan-2021

တနင်္သာရီ ဇန်နဝါရီ ၈

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီ မြို့ ချောင်းငယ်ရပ်ကွက် သုခလမ်းနေ ဦးသီဟအေး၏ နေအိမ်အဟောင်းကို ဖျက်၍ အသစ်ဆောက်လုပ်ရန် မြေ တူးဖော်စဉ် ဇန်နဝါရီ ၆ ရက်က ရှေးဟောင်းငွေဒင်္ဂါးပြား ၁၇၂ ပြား တွေ့ရှိကြောင်း သိရသည်။

ဦးသီဟအေး၏ နေအိမ်အဟောင်း ကိုဖျက်၍ အသစ်ဆောက်လုပ်ရန် အတွက် ဖောင်ဒေးရှင်းမြေတူးနေစဉ် အနက် ၃ ပေခန့် အရောက်တွင် အချင်း ၈ လက်မခန့်၊ အဝအကျယ် ၃ ဒသမ ၅ လက်မခန့်နှင့် အမြင့် ၈ လက်မခန့်ရှိ စဉ့်အိုးတစ်လုံးကို တွေ့ရှိရကြောင်း သိရသည်။ ယင်း စဉ့်အိုးအတွင်းမှ ခေါင်းဘက်တွင် VICTORIA QUEEN စာတန်း၊ ဘုရင်မ ဦးခေါင်းပုံနှင့် ပန်းဘက်တွင် EAST INDIA COMPANY ONE RUPEE 1840 စာတန်းပါ ငွေဒင်္ဂါးပြား ၅၀၊ ခေါင်း ဘက်တွင် VICTORIA QUEEN စာတန်း နှင့်ဘုရင်မဦးခေါင်းပုံနှင့် ပန်းဘက် တွင် ONE RUPEE 1862 စာတန်းပါ ငွေဒင်္ဂါးပြား ၅၀၊ ခေါင်းဘက်တွင် WILLIAN-III, KING စာတန်းနှင့် ဘုရင်ဦးခေါင်းပုံ၊ ပန်းဘက်တွင် EAST INDIA COMPANY ONE RUPEE 1835 စာတန်းပါ ငွေဒင်္ဂါးပြားခုနစ်ပြား၊ ခေါင်းဘက်တွင် VICTORIA QUEEN စာတန်းနှင့် ဘုရင်မဦးခေါင်းပုံ၊ ပန်းဘက်တွင် TWO ANNAS INDIA 1862 စာတန်းပါ ငွေဒင်္ဂါးပြား လေးပြား၊ ခေါင်းဘက်တွင် VICTORIA QUEEN စာတန်းနှင့် ဘုရင်မ ဦးခေါင်းပုံ၊ ပန်းဘက်တွင် HALF RUPEE 1835 စာတန်းပါ ငွေဒင်္ဂါးပြား ငါးပြား၊ ခေါင်းဘက်တွင် VICTORIA QUEEN စာတန်းနှင့် ဘုရင်မဦးခေါင်းပုံ၊ ပန်းဘက်တွင် EAST INDIA COM-PANY 1/4 RUPEE 1840 စာတန်းပါ ငွေဒင်္ဂါးပြား ၂၃ ပြား၊ ခေါင်းဘက်တွင် WILLIAN-II, KING စာတန်းနှင့် ဘုရင်ဦးခေါင်းပုံနှင့် ပန်းဘက်တွင် 1/4 RUPEE INDIA 1862 စာတန်းပါ ငွေဒင်္ဂါးပြား ၃၃ ပြား စုစုပေါင်း ဒင်္ဂါး ပြား ၁၇၂ ပြားကို တွေ့ရှိခဲ့ခြင်းဖြစ် သည်။ ယင်းရှေးဟောင်းငွေဒင်္ဂါးပြား များကို တနင်္သာရီမြို့ ချောင်းငယ် ရပ်ကွက် သုခလမ်းရှိ ဦးသီဟအေး၏ မိခင်ဖြစ်သူ ဒေါ်သောင်းရီ၏ နေအိမ်၌ ထိန်းသိမ်းထားရှိကြောင်း သိရသည်။

အဆိုပါ ရှေးဟောင်းငွေဒင်္ဂါးပြား များ တွေ့ရှိကြောင်းကို တနင်္သာရီ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က တိုင်းဒေသကြီး ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန သို့ ဆက်လက်သတင်းပို့တင်ပြခဲ့ရာ ယင်းဒင်္ဂါးများသည် ရှေးဟောင်းဒင်္ဂါး များ ဖြစ်သော်လည်း နိုင်ငံခြားသုံးငွေ များ ဖြစ်သည့်အတွက် မိမိတို့နိုင်ငံ ၏ ရှေးဟောင်းအမွေအနှစ်များနှင့် တိုက်ရိုက်သက်ဆိုင်မှုမရှိဟု ပြန်လည် ဖြေကြားထားကြောင်း သိရသည်။ ထို့ကြောင့် အဆိုပါ ငွေဒင်္ဂါးများကို ဘုရားကျောင်းကန်များသို့ ဆက်လက် လှူဒါန်းမည်ဖြစ်ကြောင်း ယင်း ရှေးဟောင်း ငွေဒင်္ဂါးပြားများကို ထိန်းသိမ်းထားသည့် ဒေါ်သောင်းရီ၏ သားဖြစ်သူ ဦးရီအေးက ပြောကြား သည်။

ယင်းငွေဒင်္ဂါးများ တူးဖော်တွေ့ရှိ သောနေအိမ်သည် ဦးသီဟအေး၏ မိခင်ဖြစ်သူ ဒေါ်သောင်းရီ၏ ဖခင် ဦးဉာဏ်ရွှေ - မိခင် ဒေါ်ဉာဏ်ရင်တို့ လက်ထက်ကတည်းက နေထိုင်ခဲ့သော နေအိမ်ဖြစ်ပြီး နေအိမ်သက်တမ်းမှာ နှစ်ပေါင်း ၁၀၀ ခန့်ရှိပြီဖြစ်ကာ ယခု အခါ မြေးဖြစ်သူ ဦးသီဟအေးတို့ မိသားစုနေထိုင်လျက်ရှိသည့် နေအိမ် ဖြစ်ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)