အမျိုးသားစာပေဆုရှင်၊ သံအမတ်ကြီး (ငြိမ်း) ဦးအောင်သန့် ကွယ်လွန်

15-Oct-2020

ရန်ကုန် အောက်တိုဘာ ၁၄

အမျိုးသားစာပေဆုကို ‘သံကြီးတမန်ကြီး သံခင်းတမန်ခင်း’ စာအုပ်ဖြင့် ရရှိခဲ့သည့် သံအမတ်ကြီး(ငြိမ်း) ဦးအောင်သန့် (၁၉၃၀-၂၀၂၀) သည် အောက်တိုဘာလ ၁၃ ရက် နံနက် ၁၀: ၃၀ နာရီတွင် အမှတ် ၄၆၊ အောင်ဇေယျ လမ်း၊ ဘောက်ထော်နေအိမ်၌ ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။

ဆရာသည် တက္ကသိုလ် ကျောင်းသားဘဝကပင် စာရေး ဆရာဘဝကို လေးစားအားကျကာ စာမျိုးစုံ လေ့လာဖတ်ရှုသူ၊ ဂါးဒီးယန်း အင်္ဂလိပ်မဂ္ဂဇင်းတွင် ကလောင်သွေးခဲ့သူတစ်ဦး ဖြစ် သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ တတိယအတွင်းဝန်အဖြစ် နယူး ယောက် မြန်မာသံရုံး၌ မြန်မာ သံအမတ်ကြီး ဦးသန့်နှင့် အနီးကပ် အမှုထမ်းခွင့်ရခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ အငြိမ်းစားဘဝတွင် ငယ်အိပ်မက်ကို ဆက်လက် အကောင်အထည်ဖော်၍ စာပေများ ရေးသားပြုစုခဲ့ရာ အမျိုးသားစာပေ ဆု၊ စာပေဗိမာန်စာမူဆုများ ချီးမြှင့် ခံရသည့် စာရေးဆရာ ပညာရှင် တစ်ဦးဖြစ်သည်။ ထို့အတွက် ဆရာ ကွယ်လွန်သွားခြင်းသည် မြန်မာစာပေလောကနှင့် ပညာရှင် လောကအတွက် အဖိုးမဖြတ်နိုင် သော ဆုံးရှုံးမှုတစ်ရပ်ဟု ဆိုရပါမည်။

ဆရာကြီး ဦးအောင်သန့်ကို ၁၉၃၀ ပြည့်နှစ် မေလ ၈ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်း မြို့နယ်၊ ဂျုပ္ပင်ရွာ၌ ဖွားသည်။ အဖ ရေနံတွင်းစား၊ မြေပိုင်ရှင် ဦးစော လှိုင်၊ အမိ ဒေါ်အေးခင်ဖြစ်သည်။ အမည်ရင်း မောင်အောင်သန့် ဖြစ်သည်။ ဂျုပ္ပင်ရွာ ဘီအိုစီ မူလတန်းကျောင်း၊ တောင်တွင်း ကြီးမြို့ ဆရာတော်ရှင်ဥက္ကဋ္ဌ၏ နေရှင်နယ်ကျောင်းတို့တွင် ပညာ သင်ခဲ့သည်။ ၁၉၅၀ ပြည့်နှစ်တွင် ရန်ကုန်မြို့ ဒေါက်တာမောင်မောင် ပြေ ၏ အလွတ်ပညာသင်ကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်သည်။ ရန်ကုန်တက္ကသိုလ်၌ ဆက်လက် ပညာသင်ရာ ၁၉၅၄ ခုနှစ်တွင် အင်္ဂလိပ်စာပေ၊ ဘောဂဗေဒ၊ နိုင်ငံ ရေးသိပ္ပံ ဘာသာတွဲများဖြင့် ဝိဇ္ဇာဘွဲ့ ရသည်။ ၁၉၅၆ ခုနှစ်တွင် နိုင်ငံခြား ရေးဝန်ထမ်းစာမေးပွဲ အောင်မြင်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန တတိယ အတွင်းဝန်အဖြစ် စတင်အမှုထမ်း သည်။ ထိုသို့ ထမ်းဆောင်နေစဉ် ၁၉၅၈-၆၂ ခုနှစ်တွင် နယူးယောက် မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး တွင် တတိယ၊ ဒုတိယအတွင်းဝန်။ ၁၉၆၂-၆၇ ခုနှစ်တွင် ယူဂိုဆလား ဗီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဒုတိယအတွင်းဝန်။ ၁၉၆၉-၇၅ ခုနှစ် တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ၏ ပထမအတွင်းဝန်။ ၁၉၈၁-၈၄ ခုနှစ်တွင် နယူးယောက်မြန်မာသံရုံး၊ သံမှူးကြီး။ ၁၉၈၅- ၈၈ ခုနှစ်တွင် သံတမန်ဆက်သွယ်ရေးဦးစီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်။ ၁၉၈၈- ၉၁ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာ မြို့၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ် ကြီးအဖြစ် တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့သည်။ ထိုသို့ တာဝန် ထမ်းဆောင်နေစဉ် ၁၉၅၈- ၆၁ တွင် ကုလသမဂ္ဂ၏ မလွတ်လပ်သော ပြည်နယ်များ ထိန်းသိမ်းရေး ကောင်စီအဖွဲ့ဝင် မြန်မာကိုယ်စား လှယ်အဖြစ် ကုလသမဂ္ဂ၏ လက်နက်ဖျက်သိမ်းရေး၊ ကမ္ဘော ဒီးယားပြဿနာ၊ အသားအရောင် ခွဲခြားရေးဝါဒ၊ နမီးဘီးယား လွတ်မြောက်ရေး၊ အရှေ့အလယ်ပိုင်း နှင့် ပါလက်စတိုင်းပြဿနာ စသည့် ညီလာခံများကို တက်ရောက်ခဲ့ သည်။ ၁၉၇၅ ခုနှစ် ကိုလံဘိုမြို့၊ ပဉ္စမအကြိမ် ဘက်မလိုက် ထိပ်သီး ညီလာခံကို ဝန်ကြီးချုပ် ဦးစိန်ဝင်း ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် တက်ရောက်ခဲ့သည်။ ၁၉၉၁ ခုနှစ် တွင် နိုင်ငံ့ဝန်ထမ်း စီမံထူးချွန်ဆု (ပထမအဆင့်) ချီးမြှင့်ခံရသည်။

တက္ကသိုလ် ကျောင်းသားဘဝ ကပင် ဂါးဒီးယန်းအင်္ဂလိပ်မဂ္ဂဇင်း၊ ကွန်မင်တေတာ အင်္ဂလိပ်စာစောင် နှင့် မြန်မာစာနယ်ဇင်းအချို့တွင် အင်္ဂလိပ်-မြန်မာ ဆောင်းပါးများကို အောင်သန့်၊ မိုးစွေကလောင် အမည်များဖြင့် ရေးသားသည်။ ဩစကာဝိုင်း၏ Ideal Husband ပြဇာတ်ကို သီလဝ ကလောင်အမည် ဖြင့် စံပြလင်အဖြစ် ဘာသာပြန် ထုတ်ဝေသည်။ ‘သံကြီးတမန်ကြီး သံခင်းတမန်းခင်း’ ဖြင့် ၁၉၉၄ ခုနှစ် စာပေဗိမာန်စာမူဆု (သုတပဒေသာ၊ ဝိဇ္ဇာ) ပထမဆုနှင့် ၁၉၉၇ ခုနှစ် အမျိုးသားစာပေ (နိုင်ငံရေးစာပေ) ဆုများရသည်။ ၁၉၉၇ ခုနှစ်တွင် ‘ကမ္ဘာ့ဇာတ်ခုံနှင့် မြန်မာ့ရိပ်မြုံစာမူ’ ဖြင့် ပခုက္ကူ ဦးအုန်းဖေစာပေ၊ ကျမ်းစာ (ဒုတိယဆု)ရသည်။ ၂၀၀၈ ခုနှစ်တွင် ‘မြန်မာ့အရေး ကမ္ဘာ့ အရေး၊ နိုင်ငံစုံ သံတမန်ဆက်ဆံရေး မိတ်ဆက်’ ဖြင့် ထွန်းဖောင်ဒေးရှင်း စာပေဆုများ ရရှိခဲ့သည်။

ဆရာကြီး ဦးအောင်သန့် ( ၁၉၃၀ -၂၀၂၀) ဘဝတစ်သက်တာ အေးချမ်းစွာ အနားယူသွားပါပြီ။ ဆရာကောင်းရာသုဂတိ ရောက်မည် မှာ မလွဲပါပေ။

မောင်ဇေယျ