မိုင် ၁၀၀၀ ကျော်ခရီးကို ဒုတိယအကြိမ်လမ်းလျှောက်သူ မိတ္ထီလာမြို့မှ ဆက်လက်ခရီးထွက်ခွာ

06-Jan-2021

မိတ္ထီလာ  ဇန်နဝါရီ   ၅

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင်   ကြိုးပမ်း ဆောင်ရွက်နေကြသော  ကျန်းမာရေး ဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့ များကို     ဂုဏ်ပြုသောအားဖြင့်  ပြင်ဦးလွင်-ရန်ကုန် အသွားအပြန် မိုင်      ၁၀၀၀   ကျော်ခရီးကို လမ်းလျှောက်နေ သော ဦးကျော်ကျော်ဝင်းသည်  ဇန်နဝါရီ  ၅ ရက် နံနက် ၇ နာရီခွဲခန့်က မိတ္ထီလာ မြို့မှ    ခရီးဆက်လက်ထွက်ခွာသွား ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ် ဖောင်းတော ကျေးရွာတွင်နေထိုင်သူ    ဦးကျော် ကျော်ဝင်း(ခ)ဗိုလ်စနေ  (၄၈ နှစ်)သည် အဆိုပါ မိုင်   ၁၀၀၀   ကျော်ခရီးကို ဒီဇင်ဘာ ၃ဝ ရက်၌ ပြင်ဦးလွင်မြို့မှ စတင်ထွက်ခွာ  လမ်းလျှောက်ခဲ့ခြင်း ဖြစ်သည်။

“ပြင်ဦးလွင်-ရန်ကုန်  အသွား အပြန် မိုင် ၁၀၀၀ ကျော်ခရီး လမ်းလျှောက်တဲ့   ရည်ရွယ်ချက်က လက်ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွေမှာ ရှေ့တန်းပါဝင် ကြိုးပမ်းဆောင်ရွက်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပရဟိတအသင်းအဖွဲ့တွေကို ဂုဏ်ပြု တဲ့အနေနဲ့   လမ်းလျှောက်တာဖြစ်ပါ တယ်။   ရာသီဥတုကောင်းမွန်တယ် ဆိုရင်   ရက်ပေါင်း   ၅ဝ  လောက်နဲ့ အသွားအပြန်  မိုင်    ၁၀၀၀   ခရီးကို   လျှောက်နိုင်မယ်လို့ မှန်းထားပါတယ်။ လမ်းခရီးမှာ ကြီးကြီးမားမား အခက် အခဲမရှိပါဘူး။ မိုင်  ၁၀၀၀ ကျော်ခရီး လမ်းလျှောက်တာမို့    ခြေထောက် တွေ နာကျင်ဒဏ်ရာရတာမျိုးပဲ ရှိပါတယ်။  သက်ဆိုင်ရာက ရောက်ရှိတဲ့ မြို့တွေမှာ အားပေးကူညီစောင့်ရှောက် ပေးတာတွေ  ရှိတာကြောင့် အခက် အခဲ မရှိပါဘူး။     ဒီမိုင်  ၁၀၀၀ ကျော် လမ်းလျှောက်ခရီးမှာ ပံ့ပိုးကူညီမှုတွေ    ရရှိတာတွေကိုလည်း  နိုင်ငံတစ်ဝန်းက  ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊ထိန်းချုပ်၊  ကုသရေး     လုပ်ငန်းတွေအတွက်   ပြန်လည်    လှူဒါန်းသွားမှာပါ”ဟု   ဦးကျော်ကျော်ဝင်း (ခ) ဗိုလ်စနေက ပြောသည်။

အဆိုပါ မိုင်   ၁၀၀၀  ကျော်ခရီး လမ်းလျှောက်ခြင်းကို  ၎င်းအနေဖြင့် ဒုတိယအကြိမ်  ဆောင်ရွက်ခြင်းဖြစ် ပြီး ၂ဝ၁၇  ခုနှစ်၌  (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်နိုင်ရေးခေါင်းစဉ်ဖြင့်  မိုင် ၁၀၀၀ ကျော်ခရီးအား လမ်းလျှောက်ခြင်းကို ပထမအကြိမ် ပြုလုပ်ဆောင်ရွက် ခဲ့သည်။

ချမ်းသာ(မိတ္ထီလာ)