ရွှေပြည်သာမှာ အဖမ်းခံထားရတဲ့ ရိုဟင်ဂျာတွေထဲ ကိုဗစ်ကူးသူတွေ ရှိ

08-Jan-2021

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ ထိန်းသိမ်းခံခဲ့ရတဲ့ ရိုဟင်ဂျာမူဆလင် ၁၀၀ နီးပါးထဲက ကိုဗစ်ရောဂါပိုး ကူးစက်သူ တွေ့ရှိခဲ့တာကြောင့် သီးသန့်ခွဲ ကုသမှုပေးဖို့ ပြင်ဆင်နေတဲ့အကြောင်း ပြောပြပါမယ်။

ရွှေပြည်သာမြို့နယ်မှာ တရားမဝင် ရောက်ရှိနေသူတွေအဖြစ် အာဏာပိုင်တွေ ဒီသီတင်းပတ်ထဲမှာပဲ ထိန်းသိမ်းလိုက်တဲ့ ရိုဟင်ဂျာ ၉၉ ယောက် အနက် ၅ ယောက်မှာ ကိုဗစ်ရောဂါကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကွန်ပျူတာတက္ကသိုလ်မှာ ထိန်းသိမ်းထားသူတွေကို ကိုဗစ်ရာဂါပိုး ရှိ၊ မရှိ မနေ့တုန်းက စစ်ဆေးရာမှာ အမျိုးသမီး ၅ ယောက်မှာ ရောဂါပိုး ကူးစက်နေတာ တွေ့ရှိခဲ့တာ

"လောလောဆယ်တော့ ပိုးတွေ့တာ ၅ ယောက်တွေ့တယ်။ သူတို့ကို ဖောင်ကြီးကုသရေးကိုပို့ထားတယ်။ ကျန်တဲ့သူတွေကတော့ လှော်ကား နည်းပညာ တက္ကသိုလ်မှာ ရှိတယ်။ စစ်ဆေးဆဲဆိုတော့ ပြောလို့မရသေးဘူး လက်တလောကတော့လေ။"

ရောဂါပိုး ကူးစက်သူတွေနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ ရွှေပြည်သာမြို့မ ရဲစခန်းက ရဲတပ်ဖွဲ့ဝင် သုံးယောက်ကိုလည်း သီးသန့်ခွဲ စောင့်ကြည့်သွားမှာ ဖြစ်သလို၊ စစ်ဆေးထိန်းသိမ်းရာမှာ ပါဝင်ခဲ့တဲ့ အာဏာပိုင်တွေထဲက တချို့ကိုလည်း အိမ်မှာ အသွားအလာကန့်သတ်စောင့်ကြည့်ဖို့ ညွှန်ကြားထားတယ်လို့ ပြောပါတယ်။

ကျန်တဲ့ ရိုဟင်ဂျာတွေရဲ့ ကျန်းမာရေး အခြေအနေကောင်းမွန်နေပြီး ဒေသခံ တာဝန်ရှိသူတွေ ကူညီစောင့်ရှောက်ပေးနေကြောင်းလည်း ရွှေပြည်သာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက ဗွီအိုအေကိုပြောပါတယ်။

"ကျန် ၉၄ ယောက် ကျန်းမာရေးအခြေအနေ ကောင်းပါတယ်။ စားဝတ်နေရေးကတော့ဖမ်းဆီးရမိတဲ့ ညတွင်းချင်းမှာဘဲ တိုင်းအစိုးရဘက်က အထုတ် ၁၃၀ လောက်လာပို့တယ်။ ဒါတခုပေါ့။ တိုင်းဒေသကြီး အစိုးရလာပို့တာက အစ္စလမ်တွေရဲ့ ဘာသာရေးနဲ့ မကိုက်ညီတာရှိမဆိုးလို့ မစားရဲကြတာတွေ ရှိတယ်။ အဲဒီတော့ အစ္စလမ်ဘာသာရေးအဖွဲ့တွေကနေချက်ပြုတ်ပေးပြီး လာရောက်ပို့ဆောင်ဖို့ စီစဉ်ပြီးပါပြီ။ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပို့ပေးမယ်ဆိုရင်တော့ တိုင်းအစိုးရဘက်က လက်ခံပေးမယ်လို့ သဘောထားတွေ ညှိနှိုင်းထားပါတယ်။ ပို့မယ့်အဖွဲ့စည်းကတော့ ဒေါပုံက အဖွဲ့က ထမင်းတွေ လာပို့မယ်ပြောပါတယ်။"

ထိန်းသိမ်းခံထားရသူတွေကို ကနဦးစစ်ဆေးချက်အရ မလေးရှားနိုင်ငံကို တရားမဝင် သွားရောက်ဖို့ ထွက်လာကြသူတွေ ဖြစ်ကြောင်း သိရှိထားရသလို၊ တရားဝင် ခရီးသွားလာခွင့် အထောက်အထား မရှိသူတွေကို အခကြေးငွေယူပြီး ပို့ဆောင်ပေးဖို့ စီစဉ်နေသူနဲ့ လက်ခံပေးထားသူ အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား၂ ယောက်တို့ကိုတော့ ရွှေပြည်သာ မြို့မရဲစခန်းမှာ သွေးဆောင်ခေါ်ဆောင်မှု ရာဇသတ်ကြီးပုဒ်မ ၃၆၇/၃၇၀ ပုဒ်မ နှစ် ခုနဲ့ အမှုဖွင့် အရေးယူထားပြီး နောက်ထပ် သံသယရှိသူ နှစ် ဦးကို စုံစမ်းရှာဖွေနေကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းကပြောပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ မြန်မာအစိုးရက တရားဝင် အသိအမှတ်ပြု လက်ခံမထားသလို၊ တရားဝင် ခရီးသွားလာခွင့်တွေကိုလည်း ကန့်သတ်ထားတာကြောင့် အခုလို မကြာခဏ ဖမ်းဆီးခံရမှုတွေနဲ့လည်း ကြုံရလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့နဲ့ မွန်ပြည်နယ် ပေါင်မြို့တို့တွေမှာ တရားမဝင် ရောက်လာတဲ့ ရိုဟင်ဂျာတွေကို ဖမ်းဆီးမိခဲ့ပြီး နေရပ်ပြန်ပို့ခဲ့ရကြောင်းလည်း ဒေသခံအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။

VOA News