ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇ ဦး မီးလောင်သေဆုံး

28-Dec-2020

ကိုင်ရို    ဒီဇင်ဘာ   ၂၇

အီဂျစ်နိုင်ငံ    ကိုင်ရိုမြို့တော် မြောက်ပိုင်းရှိ ဆေးရုံတစ်ရုံ၌ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်   လူနာခုနစ်ဦး  သေဆုံးခဲ့ ကြောင်း   လုံခြုံရေးနှင့်  တရားရေးဆိုင်ရာ သတင်းရင်းမြစ်များက ပြောသည်။

ကိုင်ရိုမြို့တော် ဆင်ခြေဖုံးဒေသ အိုဘာ ခရိုင်ရှိ အဆိုပါဆေးရုံ၏ အထူးကုသဆောင် မီးလောင်မှုတွင် လူငါးဦးလည်း ဒဏ်ရာရရှိခဲ့ ကြောင်း သတင်းရင်းမြစ်များက ပြောသည်။ မီးလောင်မှုဖြစ်ပွားရသော အကြောင်းရင်းကို မသိရသေးဘဲ အစိုးရရှေ့နေများက ဖြစ်ရပ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု စတင်ခဲ့သည်။

မီးလောင်မှုဖြစ်ရာဆေးရုံသို့ မီးသတ်သမားများစေလွှတ်ခဲ့ပြီး မီးငြှိမ်းသတ်ခဲ့သည်ဟု ဒေသန္တရ မီဒီယာများက ဖော်ပြခဲ့သည်။ အီဂျစ်နိုင်ငံ၌ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါ   ကူးစက်ခံရသူ   ၁၃၀၁၂၆ ဦးနှင့် သေဆုံးသူ ၇၃၀၉ ဦးရှိသည်။ ဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်လာခြင်းကြောင့် အီဂျစ်နိုင်ငံရှိ ကျန်းမာရေးစောင့်ရှောက်မှုဌာနများ မနိုင်မနင်း ဖြစ်လာခဲ့သည်။

ဇွန်လအတွင်း အီဂျစ်နိုင်ငံ ကမ်းရိုးတန်းမြို့တော် အလက်ဇန္ဒရီးယားမြို့ရှိ ဆေးရုံတစ်ရုံ၌ မီးလောင်မှု ဖြစ်ပွားရာ ကိုရိုနာ ဗိုင်းရပ်စ်လူနာ ခုနစ်ဦး  သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။ 

ကိုးကား- အေအက်ဖ်ပီ

ဘာသာပြန်-ကျော်ထိုက်စိုး

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။