မြေယာနစ်နာမှုအတွက် သတင်းစာရှင်းလင်းပွဲလုပ်သူတွေ အမှုဖွင့်ခံရ

16-Dec-2020

ချောင်းသာကမ်းခြေမှာ လုပ်ငန်းရှင်တစ်ဦး တင်ပြတောင်းဆိုတဲ့ သိမ်းဆည်းခံမြေ ဧက ၅၀ ခန့်ထဲက ၂၆ ဧကကို ဧရာဝတီတိုင်းထဲက မြေစစ်ကော်မတီအဆင့်ဆင့်က ပြန်လည်ပေးအပ်ခဲ့တာနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိတာကြောင့် နစ်နာမှုတွေရှိတယ်ဟု ဆိုကာ ချောင်းသာကမ်းခြေဒေသခံတွေက ဒီဇင်ဘာလ ၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီသတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တဲ့သူတွေထဲက ချောင်းသာကမ်းခြေဒေသခံလေးဦးကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေနဲ့ ပုသိမ်နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Stay Home သတ်မှတ်ထားတဲ့ ပုသိမ်မြို့မှာ ခွင့်ပြုချက်မရှိဘဲ သတင်းစာရှင်းလင်းပွဲလုပ်လို့ အမှုဖွင့်ထားတာ ဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။

“ဟုတ်ပါတယ်။ ဒီဇင်ဘာလ ၁၄ ရက်နေ့ က အမှုဖွင့်ထားတယ်။ သဘာဝဘေးပုဒ်မ ၂၅ နဲ့ ပေါ့။ တရားလို က ရဲအုပ် ထွန်းထွန်းဝင်း၊ ပုသိမ်နယ်မြေ ရဲစခန်းမှူးပေါ့။ ဦးတေဇာအောင် ပါ လေးဦးကို Stay at Home သတ်မှတ်ထားတဲ့ နေရာမှာ လူစုလူဝေး မလုပ်ရ သတ်မှတ်ထားတဲ့ဟာကို သတင်းစာရှင်းလင်းပွဲလုပ်တယ်။ ခွင့်ပြုချက်လည်း မရှိဘူး”

ပုသိမ်နယ်မြေရဲစခန်း စခန်းမှူး က တရားလိုပြုုလုပ်ကာ သတင်းစာရှင်းလင်းခဲ့တဲ့ ဦးတေဇာအောင် အပါအဝင် ဒေသခံ လေးဦးကို အမှုဖွင့်ထားတာပါ။ အမှုဖွင့်ခံရသူတွေက ဦးတေဇာအောင်၊ ဦးအောင်နိုင်မျိုး၊ ဦးအောင်မြင့်ဝေနဲ့ ဒေါ်အေးအေးအောင် တို့ ဖြစ်ကြပါတယ်။

ဦးတေဇာအောင် က မြေယာကိစ္စ နစ်နာမှုတွေကို နိုင်ငံတော် အတိုင်ပင်ခံနဲ့ နိုင်ငံတော်သမ္မတ သိအောင် သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာလို့ မီဒီယာတွေကို ပြောပါတယ်။

“မြေစစ်ကိစ္စမှာ မတရား တဖက်သတ်အလုပ်ခံရတယ်။ မတရား တဖက်သတ် ဆုံးဖြတ်ချက်ချတာ ခံရတဲ့အပေါ်မှာလည်း သက်ဆိုင်ရာဌာနအသီးသီးကို တင်ပြတယ်။ ဝန်ကြီးချုပ်ဆီကိုလည်း တင်ပြတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ကိုရော၊ သမ္မတကြီး အထိတင်ပြတယ်။ ဒါပေမယ့် ကျနော်တို့ တင်ပြချက်တွေက ဘာမှ မထူးခြားတဲ့အတွက်ကြောင့် ကျနော်တို့က မီဒီယာကနေတဆင့် နိုင်ငံတော်အတိုင်ပင်ခံနဲ့ သမ္မတကြီး သိအောင် ကျနော်တို့ရဲ့ နစ်နာမှုကို တင်ပြတာ ဖြစ်ပါတယ်။ အဲ့ဒီနေ့က သတင်းစာရှင်းလင်းပွဲ လုပ်ပြီးတော့လေ”

ကျန်းမာရေး စည်းကမ်းနဲ့ အညီ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာကို အမှုဖွင့်တာဟာ နှိပ်ကွပ်တာလို့ ယူဆတယ်လို့ ဦးတေဇာအောင်က ပြောပါတယ်။

“ကျနော်တို့ Mask တပ်တယ်။ Hand gel တွေ သုံးတယ်။ Social distancing နဲ့အညီ ခြောက်ပေခြားစီ ထိုင်တယ်။ Hand gel တွေ သုံးတယ်။ ကျနော်တို့ အဲ့ဒီလိုမျိုး စနစ်တကျ ဆောင်ရွက်ခဲ့တဲ့ အပေါ်မှာ ကျနော်တို့ကို ထပ်ပြီးတော့ သဘာဝဘေးအန္တရာယ် ပုဒ်မ ၂၅ နဲ့ အမှုဖွင့်တာကတော့ ကျနော်တို့ အပေါ်မှာ အရမ်းကို ဖိအားပေးလွန်းတယ်လို့ ကျနော်တို့က ထင်တယ်။ တဖက်က သူတို့ရဲ့ ဆုံးဖြတ်ချက်တွေ လွဲမှားတဲ့ဟာကို ဖုံးဖိချင်လို့ ကျနော်တို့ကို နှိပ်ကွပ်တယ်လို့ပဲ ကျနော်တို့က ယူဆပါတယ်။ အဲ့ဒီအတွက်လည်း ကျနော်တို့က အများကြီးနစ်နာပါတယ်"

ချောင်းသာကမ်းခြေတလျှောက်မှာရှိတဲ့ မြေဧက ၅၀ခန့်ကို ၁၉၉၁/၁၉၉၂ ခုနှစ်က ပိုင်ဆိုင်ခဲ့ပြီး ၁၉၉၃/၉၄ ခုနှစ်မှာ စစ်အစိုးရက မတရားသိမ်းဆည်းခဲ့တယ်လို့ ဆိုကာ လုပ်ငန်းရှင်တစ်ဦးက ၂၀၁၉ ခုနှစ်က မြို့နယ်မြေစစ်ကော်မတီကို တိုင်ကြားလာခဲ့တာပါ။

လုပ်ငန်းရှင်ရဲ့တင်ပြမှုအပေါ်မှာ တိုင်းဒေသကြီး မြေ/စစ် ကော်မတီက ၂၀၂၀ ခုနှစ်ထဲမှာ ပြန်လည်ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ပွင့်လင်းမြင်သာမှု မရှိဘဲ နစ်နာမှုတွေ ရှိခဲ့တယ်ဆိုပြီး ချောင်းသာဒေသခံတွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြတာပါ။

ဧရာဝတီတိုင်း မြေ/စစ်ကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး တိုင်းမြေ/စစ်ကော်မတီရဲ့ ဥက္ကဋ္ဌ တိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မရရှိခဲ့ပါဘူး။

RFA Burmese