ကရင်ဒုံးအကကို UNESCO အမွေအနှစ်စာရင်းဝင်အောင် ကြိုးစားနေ

17-Dec-2020

ကရင်ရိုးရာဒုံးအကကို (UNESCO) ဒြပ်မဲ့ယဉ်ကျေးမှု ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ဖို့အတွက် ကရင်ရိုးရာဒုံးပညာရှင်များအဖွဲ့၊ ကရင်ပြည်နယ်ယဉ်ကျေးမှုအဖွဲ့၊ စိစစ်ရေးပညာရှင်အဖွဲ့နဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့တွေက ကြိုးစားလုပ်ဆောင်နေကြပါတယ်။

ယခုလောလောဆယ်မှာ ကရင်ရိုးရာဒုံးအကကို (UNESCO) ဒြပ်မဲ့ယဉ်ကျေးမှု ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရေး အဆိုပြုလွှာမူကြမ်း ရေးသားပြီးပြီလို့ ကရင်ပြည်နယ် ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ပြည်နယ်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်နွယ်ဟန်က RFA ကို ပြောပါတယ်။

“ကျမတို့ ကရင်ရိုးရာဒုံးအက ပညာရှင်အဖွဲ့တွေလည်း သုတေသနလုပ်ငန်းတွေ ဆောင်ရွက်နေပြီး၊ ကျမလည်း ဒီဖောင်ကိစ္စနဲ့ပတ်သက်ပြီးတော့ ဖြည့်ဖို့လိုအပ်တဲ့ အချက်အလက်တွေကို စုဆောင်းပြီးတော့ ကရင်ဒုံးအဖွဲ့ရယ်၊ ရုံးအဖွဲ့အရယ်၊ စိစစ်ရေးပညာရှင်အဖွဲ့တွေရယ် ပေါင်းပြီးတော့ လောလောဆယ် မူကြမ်း ဖြည့်ထားပါတယ်ရှင့်။ အချောကိုတော့ ဇန်နဝါရီ လဆန်းပိုင်းမှာ အချောကို ပြန်ပြီးဖြည့်ပါမယ်။ အဲဒီအတွက် နောက်ဆက်တွဲမှာလည်း ကျမတို့ထပ်ပြီးတော့ ပေးစရာတွေရှိပါတယ်။ အဲဒါတော့ ကရင်ဒုံးကို ပြည်သူတွေအဖွဲ့အစည်းတွေက တညီတညွတ်ထဲ ထောက်ခံတယ်ပေါ့။ အဲဒီအတွက်လည်း တရားဝင်ဖြစ်အောင် ကျမတို့လုပ်ဖို့ လိုပါသေးတယ်”

ကရင်ရိုးရာဒုံးအကကို UNESCO မှာ တင်သွင်းနိုင်ဖို့အတွက် ဖြစ်မြောက်ရေးကော်မတီ ၇ ဦးကို လွန်ခဲ့တဲ့ ဇွန်လက ဆပ်ကော်မတီ ၅ ခုဖွဲ့နဲ့ စတင်ဖွဲ့စည်းထားပါတယ်။ အဲဒီ ၅ ခုကတော့ ကကြိုးကကွက်၊ တေးရေး အလကာၤ၊ တူရိယာ၊ ဝတ်စားဆင်ယဉ်မှုနဲ့ မှတ်တမ်းကော်မတီတွေ ဖြစ်ကြပါတယ်။

ကရင်တမျိုးသားလုံးကို ကိုယ်စားပြုတဲ့ ဒုံးအကအနေနဲ့ UNESCO ကို တင်သွင်းသွားမယ်လို့ ကကြိုးကကွက် ပြုစုရေးသုတေသန ဆပ်ကော်မတီ ဥက္ကဋ္ဌ စောမြင့်သူ က ပြောပါတယ်။

“ကရင်ရိုးရာဒုံးအက တင်တဲ့အခါမှာ မျိုးနွယ်စုတစ်ခုအနေနဲ့ မဟုတ်ဘဲ ကရင်တိုင်းရင်းသားအားလုံး ကရင်အနွယ်ဝင်အားလုံးကို ကိုယ်စားပြုတဲ့ ကရင့်ရိုးရာဒုံးအက ဆိုပြီးတော့ အဲခေါင်းစဉ်နဲ့ ကျနော်တို့ တင်ပါတယ်။ ကရင်ရိုးရာဒုံးအကမှာ ခေတ်အလိုက် ထင်ရှားတဲ့ ဒုံးအကတွေ ရှိခဲ့တယ်။ ခေတ်ကြီးလေးခေတ်ကို တင်ပြမယ်။ ရှေ့ဟောင်းခေတ် ပထမဆုံးခြေနင်းနဲ့ စတဲ့ခေတ်၊ နောက် ပဒေသရာဇ် ဒုံးအက၊ ကိုလိုနီခေတ် ဒုံးအက၊ အခု လက်ရှိ ကျနော်တို့ တွေ့နေကြတဲ့ မျက်မှောက်ခေတ် ဒုံးအကတွေကို ကျနော်တို့ တင်ပြသွားမှာ ဖြစ်ပါတယ်”

ဝတ်စားဆင်ယဉ်မှုအပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ကရင်ရိုးရာဝတ်စုံတွေကို သုတေသနပြုစုနေတဲ့ စောဝဏ္ဏထွန်းက အခုလိုပြောပါတယ်။

“ဝတ်စုံနဲ့ ပတ်သက်ပြီးတော့ ကရင်သင်တိုင်းဝတ်စုံတွေ တွေ့ရသမျှ သမိုင်းဆိုင်ရာ အထောက်အထား အချက်အလက်တွေလည်း စောနိုင်သမျှ စောသထက် စောတာတွေ အဲသလို ကျနော်တို့ ရှာဖွေစုဆောင်းရပါတယ်။ နယ်ပယ်ဒေသအသီးသီးမှာ နေထိုင်ကြတဲ့ ကရင်တိုင်းရင်းသားတွေ ဝတ်ဆင်တဲ့ အဆင်ဒီဇိုင်းတွေအားလုံး ခြုံငုံမိအောင် စုဆောင်းမှတ်တမ်းတွေ ပြုတယ်။ အဲလို စုဆောင်းပြီးမှ ယူနက်စကိုဘောင်နဲ့ ဝင်မယ့် အချက်အလက်တွေနဲ့ ချိန်ထိုးပြီးတော့ ရေးသွင်းရမှာ ဖြစ်တယ်”

ကရင်ရိုးရာ ဒုံးအကဟာ (UNESCO) မှာ တင်သွင်းမှု အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ မျိုးဆက်သစ်လူငယ်တွေအတွက် လေ့လာသင်ယူစရာ ကျမ်းစာအုပ်တစ်အုပ်အနေနဲ့ ဖြစ်လာမယ်လို့ တေးရေးအလင်္ကာ သုတေသနပြုစုသူ စောမူလျာဝေါ်က ဆိုပါတယ်။

“ကရင်ဒုံး စတင်ဖြစ်လာကတည်းက ဒုံးမောင်ရိုးအစပေါ့နော်။ ယနေ့အထိ ယဉ်ကျေးမှုအထိပေါ့ အဆင့်ဆင့် ဒုံး ပြောင်းလဲလာတာ၊ သီချင်းပြောင်းလဲလာတာ၊ အကပြောင်းလဲလာတာ၊ အဲဒါတွေကို လိုက်လေ့လာရတာ ပေါ့။ အချက်အလက်တွေ လိုက်စုရတာပေါ့။ ဒီ (UNESO) အောင်မြင်သွားရင်လည်းကောင်း၊ ဒါမှမဟုတ်ရင် ကျမ်းစာအုပ်တစ်အုပ် ဖြစ်သွားရင် လူငယ်တွေအတွက် အထောက်အကူပြုစရာတွေ လေ့လာစရာတွေဖြစ်သွားမယ် ဂုဏ်ယူစရာပါ”

ဒုံးအကရဲ့ ကကွက်တိုင်းမှာ ကရင်လူမျိုးတွေရဲ့ လူမှုဘဝ၊ စည်းလုံးညီညွတ်ခြင်းရဲ့ အနက်အဓိပ္ပာယ် အနှစ်သာရတွေ ပါတယ်လို့ ကရင်ပြည်နယ်ကိုယ်စားပြု စိစစ်ရေးပညာရှင်အဖွဲ့၊ ဘားအံတက္ကသိုလ် သမိုင်းကထိက ဒေါ်လဲ့လဲ့သွင်က ဆိုပါတယ်။

“ကျမတို့ ကရင်ရိုးရာဒုံးအကကိုပေါ့နော်။ ကရင်ပြည်နယ်ကိုယ်စားပြု တနည်းအားဖြင့် ကရင်လူမျိုးများ အားလုံးရဲ့ကိုယ်စားပြုအဖြစ် တင်ပြရတဲ့ ရည်ရွယ်ချက်က ကရင်ရိုးရာ ဒုံးအကဟာ ကြည့်ရင် ဖျော်ဖြေရေးတစ်ခုအနေနဲ့ ဆိုပေမယ့် ထဲထဲဝင်ဝင် လေ့လာမယ်ဆိုလို့ရှိရင် ကရင်ရိုးရာဒုံးအကမှာ အနှစ်သာရအများကြီးရှိပါတယ်။ ဒီကရင် ရိုးရာဒုံးအကကို ဘိုးစဉ်ဘောင်ဆက်ထဲကနေပြီးတော့ ထိန်းသိမ်းလာခဲ့တဲ့ ရိုးရာအက တစ်ခုလည်း ဖြစ်တာပေါ့ နော်။ ဒီကကွက်တွေကို လေ့လာကြမယ် ဆိုလို့ရှိရင် ကကွက်တိုင်း ကကွက်တိုင်းမှာ အနက်အဓိပ္ပာယ်တွေရှိ ပါတယ်။ အဲဒီတော့ ကရင်ရိုးရာဒုံးအက ဆိုတာက ကျန်းမာရေးကောင်းမှပဲ ကလို့ရသလို စည်းလုံးညီညွတ်ခြင်းရဲ့ အဓိပ္ပာယ်ကိုလည်း ဖော်ဆောင်ပါတယ်။ ကရင်လူမျိုးတွေရဲ့ လူမှုဘ၀ သရုပ်ဖော်အကတွေ ပါတာကိုလည်း ကျမတို့ တွေ့ရပါတယ်”

အခုလို ကရင့်ရိုးရာဒုံးအကကို ဒြပ်မဲ့ယဉ်ကျေးမှု ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် (UNESCO) တင်သွင်းနိုင်ဖို့ လုပ်ဆောင်ရာမှာ ကရင်ပြည်နယ်အစိုးရဖွဲ့မှ ဘတ်ဂျတ် ၃၃၈ သိန်းနဲ့ ကူညီပံ့ပိုးထားတယ်လို့ ကရင်ပြည်နယ် ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန ပြည်နယ်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်နွယ်ဟန် က ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးအနေနဲ့ ဒြပ်မဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် (UNESCO) တင်သွင်းဖို့ ၂၀၂၁ ခုနှစ် မတ်လမှာ အပြီးသတ်မူချောတွေကို တင်သွင်းရမှာ ဖြစ်ပြီးတော့ ကရင့်ရိုးရာဒုံးအကအပါအဝင် မန္တလေးတိုင်းက လွန်းရာကျော်နဲ့ ရှမ်းပြည်နယ်က လက်ဖက်ဒြပ်မဲ့ယဉ်ကျေးမှုလည်း ပါဝင်ပါတယ်။ အဲဒီသုံးမျိုးထဲမှ အမျိုးသားအဆင့်အနေနဲ့ ဒြပ်မဲ့ယဉ်ကျေးမှုတစ်မျိုးကို မြန်မာနိုင်ငံ စိစစ်ရေးပညာရှင် ဗဟိုကော်မတီအဖွဲ့တို့က ဆုံးဖြတ်အတည်ပြုသွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ပထမဆုံးအနေနဲ့ UNESCO မှာ ၂၀၂၀ မတ်လက တင်သွင်းခဲ့ပါတယ်။ လာမယ့် ၂၀၂၁ ခု နှစ်ကုန်ပိုင်းမှာ အဖြေရရှိလာမှာပါ။

ကမ္ဘာ့နိုင်ငံပေါင်း၂၀၀ ကျော်မှာ UNESCO အဖွဲ့ဝင်ပေါင်း ၁၉၈ နိုင်ငံရှိပြီး ၁၂၂ နိုင်ငံရဲ့ ဒြပ်မဲ့အမွေအနှစ်ပေါင်း ၅၀၈ ခုကို UNESCO ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံမှာ UNESCO ရဲ့ စံနှုန်းနဲ့ ကိုက်ညီတဲ့ ဒြပ်မဲ့အမွေအနှစ်ပေါင်း တစ်သောင်းကျော်ရှိပြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် အခုချိန်ထိ တစ်ခုမှ သတ်မှတ်မခံရသေးပါဘူး။

RFA Burmese