ကပ်ရောဂါကြားကနေ တပ်မတော်နေ့ ကျင်းပဖို့ ပြင်ဆင်နေ

19-Jan-2021

■ ကပ်ရောဂါကာလ လူစုလူဝေး မလုပ်ဖို့ အစိုးရရုံးစိုက်တဲ့ နေပြည်တော်မှာ စည်းကမ်းသတ်မှတ်ချက်တွေ တင်းတင်းကြပ်ကြပ် ထုတ်ပြန်ထားပေမယ့် လာမယ့် မတ်လ (၂၇) ရက်နေ့မှာ ကျရောက်မယ့် (၇၆) နှစ်မြောက် တပ်မတော်နေ့ ကျင်းပနိုင်ဖို့ တပ်မတော်ဘက်က ပြင်ဆင်နေပါတယ်။

ပြီးခဲ့တဲ့ (၂၀၂၀) ပြည့်နှစ်မှာ မကျင်းပနိုင်ခဲ့တဲ့ တပ်မတော်နေ့အခမ်းအနားကိုပါ ဒီနှစ်မှာပေါင်းပြီး ကျန်းမာရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကျင်းပသွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကိုပြောပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် တပ်မတော်နေ့ကို ခမ်းခမ်းနားနားကျင်းပဖို့ စီစဉ်ခဲ့ပေမယ့်လည်း ကပ်ရောဂါ အခြေအနေ တွေကြောင့် မကျင်းပနိုင်ဘဲ ယာယီရပ်ဆိုင်းခဲ့ရတာပါ။

ဒီနှစ်ကျင်းပမယ့် တပ်မတော်နေ့ အခမ်းအနားမှာ ပြီးခဲ့တဲ့နှစ်ကတည်းက စီစဉ်ထားတဲ့ တပ်မတော်စတင်တည်ထောင်ချိန်ကနေ အခုလက်ရှိအချိန်ထိ သမိုင်းကြောင်းပုံဖော်မယ့် အစီအစဉ်တွေကိုလည်း ပြန်လည်ပြသဖို့ရှိတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

(၂၀၂၀) ပြည့်နှစ်က ကပ်ရောဂါကြောင့် မကျင်းပဖြစ်ခဲ့တဲ့ တပ်မတော်နေ့ အခမ်းအနားကိုတက်ရောက်ဖို့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအပါအဝင် တပ်မတော်အကြီးအကဲဟောင်းတွေကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပေမယ့် ဒီနှစ်မှာတော့ ဖိတ်ကြားဖို့ အစီအစဉ် ရှိ၊မရှိ မသိရသေးဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

RFA

Photo - AFP