မြန်မာ့ရေပိုင်နက်အတွင်း ခွင့်ပြုချက်မဲ့ဝင်လာသည့် အပျော်စီးငါးမျှားလှေတစ်စင်းမှထိုင်းနိုင်ငံသားများအား အသွားအလာကန့်သတ် စောင့်ကြည့်လျက်ရှိ

16-Nov-2020

ကော့သောင်း နိုဝင်ဘာ ၁၅

မြန်မာ့ရေပိုင်နက်   အက်ဒမန်ပင်လယ်အတွင်းသို့ ခွင့်ပြုချက်မဲ့ ကျူးကျော်ဝင်ရောက်၍ ငါးမျှားနေသည့် ထိုင်းနိုင်ငံမှ အပျော်စီး ငါးမျှားလှေတစ်စင်းပေါ်တွင် လိုက်ပါလာသော  ထိုင်းနိုင်ငံသားများအား  မြန်မာ့ တပ်မတော်(ရေ) ပင်လယ်ပြင်လုံခြုံရေးက ထိန်း သိမ်းကာ နိုဝင်ဘာ ၁၃ ရက်တွင် ကော့သောင်းမြို့သို့ ခေါ်ဆောင်လာပြီး   ကိုဗစ်-၁၉  ရောဂါ  ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသွားအလာကန့်သတ် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

အဆိုပါ  အပျော်စီး  ငါးမျှားလှေမှာ ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ Polaris Ranong ကုမ္ပဏီပိုင် Polaris One အမည်ရှိ အလျား၂၃ ဒသမ ၉၅ မီတာရှိသော သစ်သားကိုယ်ထည်လှေဖြစ်ပြီး လှေလုပ်သားများ အဖြစ် ထိုင်းနိုင်ငံသား ခြောက်ဦး၊ မြန်မာနိုင်ငံသား နှစ်ဦးနှင့်  အပျော်တမ်း ငါးမျှားရန် လိုက်ပါလာသူ တရုတ်နိုင်ငံသား တစ်ဦး၊ ထိုင်းနိုင်ငံသား ၁၅ ဦး၊ စုစုပေါင်း ၂၄ ဦး ပါဝင်ကြောင်း၊  နိုဝင်ဘာ ၈ ရက်တွင် မြန်မာ့ပင်လယ်ပြင်အနီး  ခွင့်ပြုချက်မဲ့ ကျူးကျော် ဝင်ရောက် ငါးမျှားနေသည်ကို တွေ့ရ၍ ပင်လယ်ပြင် လုံခြုံရေး  တပ်မတော်(ရေ) စစ်ရေယာဉ်က တွေ့ရှိ ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိန်းသိမ်းရမိသည့် လှေနှင့် လှေပေါ်ပါသူများ အား နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းတွင် ကော့သောင်း မြို့နယ် တာဝန်ရှိအဖွဲ့အစည်းများထံသို့ တပ်မတော် (ရေ)က လာရောက်လွှဲပြောင်းအပ်နှံခဲ့သဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး သတ်မှတ်ချက် များနှင့်အညီ ကော့သောင်းမြို့ရှိ ကွာရန်တင်းစင်တာ ၌ အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိကာ သက်ဆိုင်သည့်   ဌာနဆိုင်ရာ   အဖွဲ့အစည်းများက တည်ဆဲဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)