Open Skies လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်က အမေရိကန် နုတ်ထွက်

23-Nov-2020

နိုင်ငံပေါင်း ၃၄ နိုင်ငံပါဝင်တဲ့ ဝေဟင်စောင့်ကြည့်ရေးဆိုင်ရာ Open Skies Treaty သဘောတူညီချက်ကနေ အမေရိကန်ပြည်ထောင်စုက တနင်္ဂနွေနေ့မှာ တရားဝင် နုတ်ထွက်လိုက်ပြီ ဖြစ်ပါတယ်။ ရုရှားဘက်က သဘောတူညီချက်ပါ စည်းမျဉ်း စည်းကမ်းတွေကို ထပ်တလဲလဲ ချိုးဖောက်နေတယ်လို့ အမေရိကန်က စွပ်စွဲပြီး ၁၈ နှစ်ကြာ ပါဝင်ခဲ့တဲ့ ဒီသဘောတူညီချက်ကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

လက်နက်ထိန်းချုပ်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ဖြစ်တဲ့ Open Skies Treaty ကနေ အခုလို နုတ်ထွက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက အတည်ပြုပါတယ်။ အခုလို နုတ်ထွက်ဖို့ အကြောင်းကြားထားတာ ၆ လပြည့်တဲ့ ၂၀၂၀ နိုဝင်ဘာလ ၂၂ ရက်မှာ နုတ်ထွက်မှု စတင်သက်ရောက်တာ ဖြစ်ပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေးဆိုင်ရာ NSC ကလည်း ဒီသဘောတူညီချက်ကနေ အမေရိကန် နုတ်ထွက်ကြောင်း အတည်ပြုခဲ့သလို ဒီသဘောတူညီချက်ပါ အချက်တွေကို ရုရှားက ချိုးဖောက်နေတာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်ကြောင်း ပြောပါတယ်။

အဖွဲ့ဝင် ၃၄ နိုင်ငံပါဝင်တဲ့ ဒီသဘောတူညီချက်ကနေ နုတ်ထွက်လိုတဲ့ ဆန္ဒရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က မေလ ၂၁ ရက်နေ့မှာ အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံခြားရေးဌာနကတော့ အခုလို နုတ်ထွက်ဖို့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့တာပါ။

၁၉၉၂ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ စတင်သက်ရောက်ခဲ့တဲ့ ဒီသဘောတူညီချက်ကနေ အဖွဲ့ဝင် ၃၄ နိုင်ငံအနေနဲ့ တခြားအဖွဲ့ဝင် နိုင်ငံတွေရဲ့ စစ်ရေးလုပ်ဆောင်မှုတွေနဲ့ စစ်တပ်ဆိုင်ရာ အချက်အလက်တွေ ရယူဖို့ အဲဒီနိုင်ငံပိုင်နက်ပေါ်မှာ သွားရောက်ထောက်လှမ်းခွင့် ပေးထားတာ ဖြစ်ပါတယ်။

Crd VOA News