မြန်မာနိုင်ငံမှ ထောပတ်သီးနှစ်မျိုး အင်္ဂလန်နိုင်ငံသို့ ထပ်မံတင်ပို့သွားမည်

18-Dec-2020

မန္တလေး     ဒီဇင်ဘာ   ၁၇

မြန်မာနိုင်ငံအတွင်း စိုက်ပျိုးထား ရှိသည့် ဒေသမျိုးရင်းထောပတ်သီး နှစ်မျိုးကို အင်္ဂလန်နိုင်ငံသို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း တန်ချိန် တစ်တန် ဝန်းကျင် ထပ်မံတင်ပို့သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူ များအသင်းမှ သိရသည်။

မြန်မာထောပတ်သီးများကို အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း နိုင်ငံနှင့် တရုတ်နိုင်ငံတို့သို့ တင်ပို့မှုများ ရှိခဲ့ကြောင်း၊ ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းက တန်ဝက်ခန့်တင်ပို့ခဲ့ရာ မြန်မာနိုင်ငံမှ ရလဒ်ကောင်းများ ထွက်ပေါ်ခဲ့သဖြင့် ယခုကဲ့သို့ ဒုတိယအကြိမ်မြောက်အဖြစ် ထပ်မံတင်ပို့ခြင်း ဖြစ်ကြောင်း မြန်မာ နိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူ များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးမျိုးညွန့်က ပြောသည်။

“အနည်းဆုံးတစ်တန်လောက်ပို့မယ်၊၊ ချင်းတောင်က ဒေသသီးတွေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ဒေသသီးတွေ ကို ပို့မှာပါ၊၊ ပြင်ဦးလွင်ကတော့ ပို့ဖို့ပမာဏမပြည့်သေးတဲ့ အတွက် လောလောဆယ် မပို့နိုင်သေးပါဘူး၊၊ ပြည်တွင်းမျိုး တွေဖြစ်တဲ့အတွက် ပြည်ပမှာဈေးကွက်ရရှိရင် တင်ပို့မှု ပမာဏက တခြားနိုင်ငံတွေထက်  ကိုယ့်နိုင်ငံက ပိုတင်ပို့ နိုင်မယ်၊၊ တောင်သူတွေအတွက်လည်း များစွာအကျိုးရလဒ် ဖြစ်ထွန်းစေနိုင်မယ်၊၊ နှစ်စဉ်တင်ပို့မှုကို တိုးမြှင့်နိုင်ဖို့အတွက် လည်း လုပ်ဆောင်နေပါတယ်”ဟု ၎င်းက ပြောသည်။

ချင်းတောင်မှ ဒေသမျိုးဖြစ်သည့် ချင်းနိုကားတိုးမျိုး၊ ရှမ်းတောင်မှ ထွက်ရှိသည့် ပင်ဂွင်း စသည့်မျိုးနှစ်မျိုးကို တင်ပို့သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းမျိုးများကို တင်ပို့ပြီး နာမည်ရရှိလာပါက ပြည်တွင်းစိုက်ပျိုးသူများအတွက် များစွာအကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထောပတ်သီးများကို အင်္ဂလန်နိုင်ငံသို့ တင်ပို့ ခြင်းအပြင်   ဂျာမနီနှင့်   အီတလီတို့ကလည်း   မြန်မာ့ ထောပတ်သီးများကို တင်ပို့ရန်အတွက် ကမ်းလှမ်းမှုများရရှိထားပြီးဖြစ်ကြောင်း၊ လက်ရှိအနေအထားအရ တင်ပို့နိုင် မည့်အခြေအနေတွင် မရှိသေးသော်လည်း ဈေးကွက် ကျယ်ပြန့်လာတော့မည်ဖြစ်ခြင်းကြောင့် စိုက်ပျိုးသူ၊ ကုန်သည်နှင့် နိုင်ငံတော်အတွက်လည်း အကျိုးရလဒ်များ ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)