အရွယ်ရောက်ပြီးသူ တရုတ်လူဦးရေ၏ ထက်ဝက်ကျော်မှာ အဝလွန်နေ

26-Dec-2020

ပေကျင်း  ဒီဇင်ဘာ  ၂၅

တရုတ်နိုင်ငံတွင် အရွယ်ရောက်ပြီးသူ ဦးရေ၏ ထက်ဝက်ကျော် (သန်း ၅၀၀ ကျော်)မှာ အဝလွန်နေကြောင်း တရုတ် ကျန်းမာရေးဝန်ကြီးဌာန၏  အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြပါရှိသည်။

တရုတ်နိုင်ငံ၌ ၂၀၀၂ ခုနှစ်အထိ အရွယ်ရောက်ပြီးသူများ၏ ၂၉ ရာခိုင် နှုန်းသာ အဝလွန်သူများ ဖြစ်သော်လည်း ၂၀၂၀ ပြည့်နှစ်တွင် အဝလွန်သူ ဦးရေ မှာ ၅၂ ရာခိုင်နှုန်းသို့ ရောက်ရှိလာ သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု လျင်မြန်လာခြင်းနှင့်အတူ နိုင်ငံသား တို့၏ ဘဝနေထိုင်မှု၊ စားသောက်မှုနှင့် ကိုယ်လက်လှုပ်ရှားမှု အလေ့အထ ပုံစံတို့အားလုံးမှာ ပြောင်းလဲလာခဲ့ပြီး အဝလွန်နေသည့် နိုင်ငံသားဦးရေ လည်း တိုးပွားလာရခြင်းဖြစ်သည်။ အဝလွန်နေသူများမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရချိန်တွင်လည်း ကုသမှုပိုင်းဆိုင်ရာ ရှုပ်ထွေးမှုများနှင့် သေဆုံးမှုနှုန်း ပိုမိုများပြားကြောင်း လေ့လာမှုစစ်တမ်းများအရ သိရသည်။ အဝလွန်ခြင်းကြောင့် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် ဆီးချိုရောဂါများလည်း ဖြစ်ပွားစေနိုင်ရာ တရုတ်အစိုးရ အနေဖြင့် ပြီးခဲ့သည့်အောက်တိုဘာလ ကတည်းက ပြည်သူများ၏ အဝလွန်နေမှုကို တားဆီးပေးမည့် နိုင်ငံတော်အဆင့် အစီအမံတစ်ရပ်ကို ချမှတ်ခဲ့ပြီးဖြစ်သည်။

အာဟာရပညာရှင် ဝမ်ဒန်က တရုတ်လူမျိုးများအနေဖြင့် ဖိအားပိုမိုများပြားသည့် အလုပ်ပုံစံနှင့် နာရီပေါင်းများစွာ ကြာမြင့်သည့် အလုပ်အချိန်ဇယားတို့ကြောင့် စားသောက်နေထိုင်မှုတို့ကို သက်ရောက်စေရာမှ အဝလွန်မှုများ ဖြစ်လာရခြင်းဖြစ်ကြောင်း သုံးသပ်သည်။ ၁၉၇၅ ခုနှစ် နောက်ပိုင်းတွင် စီးပွားရေးအင်အားကြီး နိုင်ငံများသာမက ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းနိုင်ငံ များတွင်လည်း အဝလွန်သည့် လူဦးရေမှာ သုံးဆခန့် မြင့်တက်လာကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ကိုးကား- ဘီဘီစီ

ဘာသာပြန်-မေလဲ့သင်း