တပ်မတော်က ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီအသစ်ကို ဘာလို့ ဖွဲ့တာလဲ

12-Nov-2020

အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက်တစ်နေ့မှာပဲ တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ်ထိုးပြီး ထာဝရငြိမ်းချမ်းရေးရတဲ့အထိ ဆွေးနွေးဖို့ ဆိုပြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဥက္ကဋ္ဌတာဝန်ယူပြီး ဌာနကြီးမှူး ဒုတိယဗိုလ်ချုပ်ကြီး၄ဦး နဲ့ တပ်မတော် ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

ဒီကော်မတီကို အရင်ကတည်းက ရွေးကောက်ပွဲအပြီးမှာ ဖွဲ့စည်းဖို့ ရည်မှန်း ပြင်ဆင်ခဲ့တာ ဖြစ်တယ်လို့လည်း တပ်မတော်သတင်းမှန်ပြန်ကြား‌ရေးအဖွဲ့က ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

"ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် NRPC ရှိတယ်၊ နောက် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်တို့ ဦးဆောင်တဲ့ စောင့်ကြည့်ရေးအဖွဲ့တွေရှိတယ်၊တပ်မတော်နဲ့ ထပ်ပြီးသီးသန့်ဆွေးနွေးဖို့ဟာ ရှိရင် သီးသန့် ဆွေးနွေးလို့ရအောင် သီးသန့်ခွဲပေးလိုက်တာပါ "လို့လည်းသူကပြောပါတယ် ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးတဲ့အထိ တပ်မတော်နဲ့ ဆွေးနွေးဖို့လိုအပ်လာရင် ဆက်ပြီးဆွေးနွေးနိုင်ဖို့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ဖွဲ့စည်းလိုက်တယ်လို့ နိုဝင်ဘာ ၉ ရက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကော်မတီမှာ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဥက္ကဋ္ဌအဖြစ်ဦးဆောင်ပြီး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အတွင်းရေးမှူး၊ အဖွဲ့ဝင်တွေအဖြစ်တော့ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းတို့ ပါဝင်ပါတယ်။

ကော်မတီအနေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လက်မှတ်ထိုးနိုင်တဲ့အထိ ဆက်လက် ဆွေးနွေးရမှာဖြစ်သလို (NCA) လက်မှတ်ထိုးပြီးသားအဖွဲ့တွေနဲ့လည်း ငြိမ်းချမ်းရေး ပိုမို ခိုင်မာအောင် ဆွေးနွေးမယ်လို့ လည်းဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလုပ်ခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထအစည်းအဝေး အပါအဝင် အစည်းအဝေးတွေကနေ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ပိုင်း၊ သဘောတူညီချက် ၅၀ ကျော်ရခဲ့ပြီးတော့ ဆက်ဆွေးနွေးရမှာဖြစ်ပေမဲ့ ကိုဗစ်-၁၉ရောဂါကူးစက်မှုတွေ ဖြစ်လာတာနဲ့၊ ရွေးကောက်ပွဲ ရှိတာတို့ကြောင့် ရပ်ဆိုင်းနေခဲ့တာဖြစ်ပါတယ်။

အခုတော့ ရွေးကောက်ပွဲပြီးပြီဖြစ်သလို ကိုဗစ်-၁၉ ကိုလည်း အတိုင်းအတာတစ်ခုအထိ ထိန်းချုပ် ထားနိုင်ပြီဖြစ်တယ်လို့လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

"၉ ကြိမ်မြောက် အပစ်ရပ်စောင့်ကြည့်ရေးအဖွဲ့ အစည်းအဝေးမှာရော ပြည်ထောင်စု သဘောတူစာချုပ် အပိုင်း၃ မှာရော၊ အပစ်ရပ်စောင့်ကြည့်ရေးအဖွဲ့ အစည်းအဝေးတွေနဲ့ အပြိုင် နှစ်ဖက် တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်သွားမယ်ဆိုတဲ့ သဘောတူချက်ရှိပါတယ်။ဒါကြောင့် ဒီအဖွဲ့က အပစ်ရပ်လက်မှက်ထိုးတဲ့ အဖွဲ့တွေရော မထိုးတဲ့ အဖွဲ့တွေနဲ့ပါဆွေးနွေးမှုတွေ လုပ်ဖို့ရှိတယ်"လို့ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ တုန်းကလည်း ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်ပြီးတပ်မတော်က ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့တာရှိတယ်လို့လည်းသူကပြောပါတယ်။

အခုဖွဲ့စည်းလိုက်တဲ့ကော်မတီထဲက အဖွဲ့ဝင်တွေထဲက ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အဓိကထား ကိုင်တွယ်ရတဲ့ စစ်ဆင်ရေး အထူးအဖွဲ့မှူး တာဝန်ယူထားသူဖြစ်ပါတယ်။

ဒါ့အပြင် အတွင်းရေးမှူး တာဝန်ယူထားတဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးဟာ စစ်ဥပဒေချုပ် တာဝန်ယူထားပြီး ရခိုင်ပြည်နယ် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ တိုင်းမှူး အဖြစ် တာဝန်ယူခဲ့သူ ဖြစ်တယ်လို့ လည်းသိရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်ကတော့ တပ်မတော်က အသစ်ဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေးဆွေးနွေမယ့် ကော်မတီနဲ့ လောလောဆယ်ဆွေးနွေးဖို့ မရှိသေးဘဲ အစိုးရသစ် ဖွဲ့စည်းလာမယ့် အခြေအနေကိုစောင့်ကြည့်ဦးမယ်လို့ တိုင်းရင်းသား လက်နက်ကိုင်ဘက်တွေကပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း လုပ်ခဲ့တဲ့အစည်းအဝေးတွေမှာ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပြည်နယ်အခြေခံဥပဒေ ဆိုတဲ့ အသုံးအနှုန်းအကြား သဘောတူညီမှု မရခဲ့လို့ လေးကြိမ်မြောက် ၂၁ရာစု ပင်လုံ ညီလာခံမှာ အဲ့ဒီအပိုင်းကို မထည့်သွင်းနိုင်ခဲ့ပါဘူး။

အလားတူ ခွဲမထွက်ရဆိုတဲ့ စကားလုံးကိုလည်း နှစ်နဲ့ချီပြီးဆွေးနွေးခဲ့ရပေမဲ့ နောက်ဆုံးမှာတော့ အဲဒီစကားလုံးအစား အခြားပူးပေါင်းဆောင်ရွက်ကြမယ် ဆိုတဲ့ အဓိပ္ပာယ်ဆောင်တဲ့ စကားလုံးကို ပြီးခဲ့တဲ့ အစည်းဝေးတွေအတွင်းမှ ဆွေးနွေးအတည်ပြုနိုင်ခဲ့ပါတယ်။

၁၀နှစ်နီးပါး ကြာလာပြီဖြစ်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းတွေမှာ အစိုးရနဲ့ လက်နက်ကိုင်တွေ ပူးတွဲပြီး စည်းဝေးနိုင်တာက ၁၀နှစ်အတွင်းလုပ်ခဲ့တဲ့အစည်းအဝေးတွေရဲ့ ၂၀ ရာခိုင်နှုန်းနဲ့ အများဆုံး ၂၅ရာခိုင်နှုန်းသာရှိပါတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်ဘက်က ကိုယ်စားပြု ချင်းအမျိုးသားတပ်ဦး ဒုဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ ဆလိုင်းလျန်မှုန်းကပြောပါတယ်။

Crd BBC News