ခိုးရာပါ မော်စီတုံးလက်ရေးမူ ဟောင်ကောင်မှာပြန်တွေ့

09-Oct-2020

တရုတ် ကွန်မြူနစ်ပါတီ ဥက္ကဌ Mao Zedong ရဲ့ ပျောက်ဆုံးနေတဲ့ လက်ရေးမူ စာလွှာအလိပ်တစ်ခုကို ဟောင်ကောင်မှာ နှစ်ပိုင်း ပြတ်နဲ့ ပြန်လည် ရှာဖွေ တွေ့ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

“ဒီစာကို ဥက္ကဌကြီး မော်ရေးတယ်လို့ ခိုးခံရသူက ပြောပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြန်တွေ့တော့ စာလိပ်က ၂ ပိုင်းပြတ်နေပြီ။ စာလိပ်က သိပ်ရှည်နေပြီး လူတွေကို ပြသဖို့ ခက်ခဲတာကြောင့် ၂ ပိုင်းဖြတ်ပစ်လိုက်တာဆိုတာကို ကျွန်တော်တို့ စစ်ဆေးတွေ့ ရှိခဲ့ပါတယ်။” လို့ ဟောင်ကောင်ရဲက ပြောတာပါ။

ဒီ အဖိုးမဖြတ်နိုင်တဲ့ လက်ရေးမူစာလိပ်ဟာ ရှေးဟောင်း အနုပညာ ပစ္စည်း စုဆောင်သူ တစ်ဦးရဲ့ အိမ်ကနေစက်တင်ဘာလ တုန်း က ခိုးယူခံခဲ့ရတာပါ။ဒီ လက်ရေးမူ စာလိပ်ဟာ ရှေးဟောင်း တံဆိပ်ခေါင်းတွေ၊ အကြွေစေ့တွေနဲ့ တခြား လက်ရေးမူတွေနဲ့ အတူ စက်တင်ဘာ ၁၀ ရက်နေ့တုန်းက အခိုး ခံခဲ့ရတာ ဖြစ်ပါတယ်။

အခိုးခံရတဲ့ စုဆောင်းပစ္စည်းအားလုံးရဲ့ တန်ဖိုးက ဟောင်ကောင် ဒေါ်လာ ၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၄၅ သန်း) တန်ဘိုးရှိ တယ် လို့ အဲဒီပစ္စည်းတွေရဲ့ ပိုင်ရှင်ဖြစ်သူက ရဲကို အစီရင်ခံထားပါတယ်။

ခိုးယူခံရတဲ့ ပစ္စည်းတွေထဲက တချို့ကိုပဲ ပြန်ပြီး ရှာတွေ့သေးတာဖြစ်ပြီး ပြန်ရတဲ့ ပစ္စည်းတွေက ဘယ်လောက်တန်ကြေးရှိတယ် ဆိုတာတော့ သေသေချာချာ မသိရသေးပါဘူး။

အခုတွေ့ရှိခဲ့တဲ့ ဥက္ကဌကြီး Mao ရဲ့ လက်ရေးမူစာလိပ်ကို ဝယ်ယူမိသူက အတုလို့ ထင်တာကြောင့် ဟောင်ကောင်ဒေါ်လာ ၅၀၀ (အမေရိကန် ဒေါ်လာ ၆၅ ဒေါ်လာ) တည်းပေးပြီး ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ သိမ်းရ လွယ်အောင်လည်း သူက နှစ်ပိုင်းဖြတ်ခဲ့တာ ဖြစ်ပါတယ်။

မော်စီတုန်း အမှတ်တရ ပစ္စည်းတွေကို တရုတ်နိုင်ငံမှာ လူတွေ တော်တော်များများ လိုက်လံရှာဖွေနေတာ ဖြစ်ပြီး ယဉ်ကျေးမှု တော်လှန်ရေးကာလက ပစ္စည်းတွေက ပြည်မက စီးပွားရေး လုပ်ငန်းတွေအတွက် ငွေ မြိုးမြိုး မြက်မြက်ရရှိရာ ပစ္စည်းတွေ ဖြစ်နေတာပါ။ အတုတွေကိုလည်း နေရာတကာ တွေ့နေရတာ ဖြစ်ပါတယ်။

ဟောင်ကောင်က Mao Zedong ရဲ့ လက်ရေးမူ စာလွှာခိုးယူခံရမှုနဲ့ ဆက်နွယ်ပြီး လောလောဆယ် လူ ၃ ဦးကို ရဲက ဖမ်းဆီးထား ပါတယ်။

Crd VOA