အပစ်ရပ်လက်မှတ်ထိုးဖို့ တပ်တိုက်တွန်းပေမယ့် “ဝ” အဖွဲ့က အားလုံးပါဝင်ရေးမှုကို လိုလား

19-Nov-2020

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့မှာ UWSA တပ်ဖွဲ့က ဒုတိယနိုင်ငံရေးမှူး ဦးညီကပ်နဲ့ တပ်ဖွဲ့ဝင်တွေကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးပြီး  ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ကြဖို့ မနေ့က တိုက်တွန်းခဲ့တာပါ။

UWSA လားရှိုးမြို့ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ဒါဟာ တိုက်တွန်းနေကြဖြစ်ပြီး NCAမှာ လက်မှတ်ထိုးဖို့ဆိုရင် ဒီထက်ပိုပြီး နှစ်ဦးနှစ်ဖက် ဆွေးနွေးဖို့လိုတယ်လို့ RFA ကို ပြောပါတယ်။

"ဒီလိုဘဲ တိုက်တွန်းနေကြပါ၊ NCAနဲ့ ပတ်သက်ပြီးမှ စကားတစ်ခွန်းနှစ်ခွန်းတည်းနဲ့ ဆုံးဖြတ်လုပ်ယူလို့ မရဘူးလေနော်၊ ဗဟိုဌာနချုပ်နဲ့ ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ၊ ရင်းနှီးမှုတွေ၊ ရှိဖို့တော့လိုတာပေါ့နော်၊ ကျနော်တို့ကတော့ NCA ကိုဆန့်ကျင်ခဲ့တာတော့ မရှိဘူးပေါနော်၊ အတိုင်းအတာတစ်ခုအထိ နှစ်ဦးနှစ်ဖက် လိုအပ်ချက်တွေ၊ ဆွေးနွေးညှိနှိုင်းဖို့ အချက်အလက်တွေ လိုပါသေးတယ်"

"ဝ" ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေထဲမှာ အင်အားအတောင့်တင်းဆုံး ဖြစ်ပါတယ်။

တပ်မတော်ဘက်က အပစ်ရပ်လက်မှတ်ထိုးဖို့ မကြာခဏ “ဝ”တပ်ဖွဲ့ကို တိုက်တွန်းလေ့ရှိပေမယ့် “ဝ” ကတော့ အားလုံးပါဝင်ရေးမူကို လက်ကိုင်ထားပြီး လက်နက်ကိုင်အဖွဲ့တွေကို ချန်ခဲ့တာ မဖြစ်သင့်ဘဲ FPNCC လို့ ခေါ်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေး ကော်မတီမှာပါတဲ့ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့လုံး ပါဝင်တဲ့ ဆွေးနွေးမှုတွေ၊ သဘောတူညီမှုတွေပါမှ NCA လက်မှတ်ရေးထိုးရေးက ဖြစ်မြောက်မယ်လို့ ဦးညီရမ်းက ပြောပါတယ်။

နိုင်ငံရေးစစ်ရေးလေ့လာသူ စာရေးဆရာ ဦးမောင်မောင်စိုးကလည်း NCA မှာ လက်မှတ်ရေးထိုးဖို့ဆိုတာ လက်တွေ့ ဆွေးနွေးတဲ့ပုံစံတွေအပေါ်မှာ မူတည်တယ်လို့ သုံးသပ်ပါတယ်။

"NCAထိုးဖို့က လက်တွေ့ဆောင်ရွက်ချက်တွေအပေါ်  မူတည်ပါလိမ့်မယ်၊ ဘာလိုလည်းဆိုတော့ မြောက်ပိုင်း ၇ဖွဲ့နဲ့ဘယ်လို့ဆွေးနွေးမှာလည်းဆိုတာနဲ့ ဆိုင်ပါလိမ့်မယ်၊ တိုက်တွန်းတယ်ဆိုတာက မူအရပေါ့ဗျာ၊ လက်တွေ့ အကောင်အထည်ဖော်ဖို့ကျတော လက်တွေ့ မြောက်ပိုင်း ၇ဖွဲ့နဲ့ဆွေးနွေးတာတို့၊ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ လက်တွေ့ဖြေရှင်းတာနဲ့ ဆိုင်ပါလိမ့်မယ်"

“ဝ”တပ်ဖွဲ့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်တွန်းတာဟာ ဒါဟာ ပထမဆုံးမဟုတ်ဘဲ အရင်ကလည်း ရှိခဲ့ဖူးတဲ့အတွက် အထူးအဆန်းမဟုတ်ဘူးလို့ ဦးမောင်မောင်စိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စတုတ္တအကြိမ်မြောက် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ရက္ခိုင့်တပ်တော် AA အဖွဲ့ကို မဖိတ်ခဲ့တာကြောင့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့တွေ အားလုံးမတက်ခဲ့ပါဘူး။

အဖွဲ့အားလုံးပါဝင်တဲ့ အခြေအနေရောက်အောင် တစ်ဆင့်ချင်း ဆွေးနွေးညှိနှိုင်းဖို့ လိုမယ်လို့ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

UWSAဦးဆောင်တဲ့ FPNCCမှာ မိုင်းလားအဖွဲ့ NDAA၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA၊ ကိုးကန့်အဖွဲ့  MNDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA၊ ရခိုင့်တပ်တော် AA တို့ ပါဝင်ပါတယ်။

ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးဖို့ ကမ်းလှမ်းတာ ကောင်းတဲ့အလားအလာလို့ မြင်ပေမယ့် တစ်ဖွဲ့ထဲကို ကမ်းလှမ်းပြီး အားလုံးကို မကမ်းလှမ်းတာ ဘာကြောင့်လဲလို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော် က မေးခွန်းထုတ်ပါတယ်။

"ငြိမ်းချမ်းရေးကမ်းလှမ်းတာက ကောင်းတဲ့အလားအလာလို့မြင်တယ်၊ ဒါပေမဲ့ တိတိကျကျလက်တွေ့ ဆွေးနွေးပွဲတွေ၊ လက်တွေ့ဆောင်ရွက်တာတွေက ဘယ်လိုလာမလည်းဆိုတာတော့ မပြောတတ်သေးဘူး၊ ကျနော်တို့ရပ်တည်ချက်ကို သူတို့လည်းသိပြီးသားဖြစ်ပါတယ်၊ ကျနော်တို့လည်း မကြာခဏ ထုတ်ဖော် ပြောကြားပြီးသားဖြစ်ပါတယ်၊ အဲကြောင့်သူက ဘာလို့တစ်ဖွဲ့ထဲကို ကမ်းလှမ်းတာလည်း၊ ဘာလို့အားလုံးကို မကမ်းလှမ်းတာလည်း အဲဒါမျိုးကြ နည်းနည်းစဉ်းစားစရာဖြစ်တာပေါ့"

FPNCC အဖွဲ့ဝင်တွေထဲမှာ TNLA၊ AA၊ MNDAAနဲ့ KIA လေးဖွဲ့ဟာ ပဏာမ အပစ်ရပ် သဘောတူလက်မှတ် ရေးထိုးနိုင်ဖို့ ဆွေးနွေးနေဆဲဖြစ်ပြီး အဲဒီအဆင့်ပြီးရင်တော့ “ဝ” အပါအဝင် ၇ဖွဲ့လုံး နိုင်ငံရေးဆွေးနွေးပွဲကို အတူတက်ရောက်ဖို့ သဘောတူထားတာလို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။

မနေ့က “ဝ”အဖွဲ့နဲ့ တွေ့ဆုံချိန်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာနေတဲ့အတွက် လူမှုစီးပွားဖော်ဆောင်ရေးတွေမှာ ကန့်သတ်ချက်တွေရှိနေကြောင်းနဲ့ ထာဝရငြိမ်းချမ်းရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ရေရှည်ကိုကြည့်ပြီး ဆောင်ရွက်စေလိုတယ်လို့ တိုက်တွန်းခဲ့ပါတယ်။

မနေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ UWSA တပ်ဖွဲ့ ဒုတိယနိုင်ငံရေးမှူး ဦးညီကပ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်ဖို့ ဆောင်ရွက်နေကြောင်းနဲ့ ဒေသဖွံ့ဖြိုးရေး၊ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေအတွက် တပ်မတော်နဲ့ လက်တွဲ ဆောင်ရွက်သွားမယ်ဆိုပြီး ပြန်ပြောခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ မနေ့က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုက်တွန်းချက်၊ “ဝ”အပါအဝင် မြောက်ပိုင်း ခုနစ်ဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ့် အလားအလာတွေကို သိရဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းမကိုင်ပါဘူး။

သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးကတော့ ငြိမ်းချမ်းရေး လိုချင်တာ တပ်မတော်ရဲ့ သဘောထားအမှန်ပဲလို့ ပြောပါတယ်။

"တပ်မတော်က အမြဲတမ်းပြောထားတဲ့ လမ်းကြောင်းရှိပါတယ်၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အမြဲတမ်း ရယူချင်တယ်၊ အထူးသဖြင့်တော့ ၂၀၂၀အတွင်းမှာ ရယူနိုင်ဖို့ ကြိုးစားခဲ့ဖူးတယ်လို့ ပြောထားတာတွေလည်း ရှိပါတယ်၊ သို့သော်လည်း အခြေအနေအရပ်ရပ်ကြောင့် အဆင်ပြေဖို့ခဲယဉ်းတယ်၊ တပ်မတော်ဘက်က ငြိမ်းချမ်းရေး မြန်မြန်ရလေ၊ ပြည်တွင်းမှာ လက်နက်ကိုင်ပဋိပက္ခမရှိလေလေ တပ်မတော် တစ်ရပ် ခေတ်မီအောင် တည်ဆောက်ဖို့က သွားရမယ့်လမ်းကြောင်း ပိုမြန်ဆန်သွားနိုင်တယ်၊ တိုက်တွန်းတယ်ဆိုတာ တပ်မတော်သဘောထား အမှန်ပါဘဲ"

သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်က NCA စာချုပ်ကို ၂၀၁၅ ခုနှစ်မှာ တိုင်းရင်းသားလက်နက်ကိုင် (၈) ဖွဲ့ လက်မှတ်ရေးထိုးခဲ့ကြတာပါ။ ပြီးခဲ့တဲ့ လေးနှစ်ကျော်ကြာကာလအတွင်း အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာတော့ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ နှစ်ဖွဲ့ပါဝင်လက်မှတ်ရေးထိုးထားပါတယ်။

Crd RFA