မုံရွာမြို့၌ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပြန်ဖွင့်နိုင်ရန် အဖွဲ့သုံးဖွဲ့ဖြင့် စစ်ဆေးနေ

23-Nov-2020

မုံရွာ နိုဝင်ဘာ ၂၂

မုံရွာမြို့ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် များကို ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ နိုဝင်ဘာလကုန်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုနိုင်ရန်အတွက် တာဝန်ရှိသူ များက နိုဝင်ဘာ ၂၁ ရက်မှစ၍ အဖွဲ့ သုံးဖွဲ့ဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

"ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး ဆိုင်ရာ စံသတ်မှတ်ချက်တွေနဲ့ကိုက်ညီပြီး A အဆင့် သတ်မှတ်ခံရတဲ့ စားသောက်ဆိုင်နဲ့ လက်ဖက်ရည် ဆိုင်တွေကို နိုဝင်ဘာလကုန်မှာ ပြန်လည်ဖွင့်လှစ်ခွင့် ပြုနိုင်ဖို့ အဖွဲ့သုံးဖွဲ့နဲ့ လှည့်စစ်နေတာပါ။ မြို့နယ် ထွေအုပ်၊ မြို့နယ် ပြည်သူ့ကျန်းမာရေးနဲ့ စည်ပင်တို့ ပူးပေါင်းပြီး စစ်ဆေးနေတာပါ"ဟု မုံရွာမြို့နယ် စည်ပင်သာယာ အမှုဆောင်အရာရှိ ဦးထွန်းထွန်းက ပြောသည်။

နိုဝင်ဘာ ၂၁ ရက်က စတင်စစ်ဆေးပြီးနောက် စစ်ဆေးတွေ့ရှိချက်များကို နိုဝင်ဘာ ၂၃ ရက်တွင် အထက်အဆင့်ဆင့်သို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

"ဆိုင်ရှင်တွေ လိုက်နာရမယ့် စည်းမျဉ်းစည်း ကမ်းတွေ၊ စားသုံးသူတွေ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေနဲ့ စားပွဲထိုးဝန်ထမ်းတွေ လိုက်နာရ မယ့် စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လိုက်နာရမယ် ဆိုပြီး ဆိုင်ရှင်တွေက ဝန်ခံကတိထိုးထားရမှာ ဖြစ်ပါ တယ်။ လက်ဆေးကန်ထားပြီး လာတဲ့သူတိုင်း Mask ကိုယ်စီပါမှ ဝင်ရမှာဖြစ်ပါတယ်။ အပူချိန်တိုင်းရမှာ ဖြစ်သလို စားပွဲထိုးတွေက မျက်နှာအကာ တပ်ထား ရမှာတွေကို လိုက်နာရပါမယ်"ဟု အမှုဆောင် အရာရှိက ဆက်ပြောသည်။

မုံရွာမြို့တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည် ဆိုင် စုစုပေါင်း ၄၀၀ ကျော်ရှိပြီး ယင်းတို့အထဲမှ ဆိုင်ပေါင်း ၂၀၀ ခန့်မှာ ဆိုင်ကြီးများဖြစ်ကြောင်း သိရသည်။

မျိုးဝင်းထွန်း(မုံရွာ)