နောက်ထပ် ကမ္ဘာ့ကပ်ရောဂါ ဖြစ်နိုင်ချေများ WHO အကြီးအကဲ သတိပေး

28-Dec-2020

အခု ကိုရိုနာဗိုင်းရပ်စ် အကြောင်းရင်းခံ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါက နောက်ဆုံးကပ်ရောဂါ မဟုတ်သလို ကပ်ရောဂါတွေကို ကြုံနေရဦးမှာ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ဒီကနေ့ တနင်္ဂနွေနေ့ ပထမအကြိမ် နိုင်ငံတကာ ကပ်ရောဂါ ကြိုတင်ပြင်ဆင်ရေးနေ့အတွက် ဗွီဒီယိုကနေတဆင့် ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

အခုဖြစ်ရပ်မှာ COVID-19 ကနေ သင်ခန်းစာယူရမှာဖြစ်သလို လူသားတွေ ကျန်းမာရေးနဲ့ တိရစ္ဆာန်တွေနဲ့ ကမ္ဘာမြေကြီးကြား နီးကပ်တဲ့ ဆက်သွယ်မှုတွေ ရှိနေတာကိုလည်း သူက သတိပေးပြောကြားခဲ့ပါတယ်။

“လူတွေက ကပ်ရောဂါတခု ဖြစ်လာရင် ငွေတွေ အကုန်ကျခံလိုက်မယ်။ နောက် ကပ်ရောဂါပြီးသွားရင် မေ့မေ့ပျောက်ပျောက် နေလိုက်ကြပြီး နောက်ထပ်ဖြစ်လာနိုင်တဲ့ ကပ်ရောဂါတွေအတွက် ကြိုပြီး ပြင်ဆင်ထားတာ မရှိကြသလို ဖြစ်လာရင် အကြောက်တရားနဲ့ ရင်ဆိုင်ပြီး နောက်တော့ လျစ်လျူရှုထားလိုက်ကြတာမျိုး လုပ်နေကြတာ အချိန်ကြာခဲ့ပြီ” လို့ ညွှန်ကြားရေးမှူးချုပ် Tedros က ပြောပါတယ်။

ဖြစ်ပေါ်လာတဲ့ အရေးပေါ်ပြဿနာ အားလုံးကို ရှာဖွေဖော်ထုတ်နိုင်ဖို့နဲ့ လျော့နည်းစေဖို့နဲ့ ရှောင်ရှားနိုင်ဖို့၊ နိုင်ငံတိုင်း ကျန်းမာရေးစောင့်ရှောက်မှု အထောက်အပံ့ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုရှိဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။

Pfizer-BioNTech ရဲ့ COVID-19 ကာကွယ်ဆေးတွေ ဥရောပနိုင်ငံတွေမှာ စနေနေ့ကစပြီး ထိုးနှံပေးနေတဲ့ အချိန်မှာပဲ အခုလို WHO ညွှန်ကြားရေးမှူးချုပ်က သတိပေးစကား ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

VOA News