အင်ဒိုနီးရှား ခရီးသည်တင်လေယာဥ်တစ်စင်း ပျံတက်ပြီး မကြာခင် ပျောက်ဆုံး

09-Jan-2021

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ လေဆိပ်ကနေ ဒီကနေ့ စနေနေ့မှာ ထွက်ခွာသွားတဲ့ လူ ၆၂ ဦးခန့်ပါ ခရီးသည်တင် လေယာဉ်တစ်စင်း ထွက်ခွာပြီးပြီးချင်းမှာပဲ အဆက်အသွယ် ပြတ်သွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီလေယာဥ်နဲ့ ဒေသစံတော်ချိန် နေ့လယ် ၂ နာရီ ၄၀ မှာ နောက်ဆုံး အဆက်အသွယ်ရပြီးနောက် ပျောက်ဆုံးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လေယာဉ်ခရီးစဉ် ခြေရာခံတဲ့ ဝက်ဘ်ဆိုက်တွေမှာ အဲဒီ ဘိုးအင်း 737 လေယာဉ်ဟာ ရေဒါစက်ကွင်းတွေထဲက ပျောက်မသွားခင် ဝေဟင်အမြင့် မီတာ ၃ ထောင်ကျော် (ပေ တစ်သောင်း)အထိ အောက်ကို ထိုးကျသွားတယ်လို့ ဖော်ပြထားပါတယ်။

Sriwijaya Air အင်ဒိုနီးရှား လေကြောင်းကုမ္ပဏီပိုင် အဲဒီလေယာဉ်ဟာ ပွန်တီယာနက်ခ်မြို့ဆီ သွားဖို့ စထွက်ခွာစဉ်မှာ အခုလို ဖြစ်ခဲ့တာပါ။

မျက်မြင်တချို့က အနည်းဆုံး ပေါက်ကွဲမှု တစ်ခုကို မြင်ခဲ့၊ကြားခဲ့ရတယ်လို့ ပြောပါတယ်။

လေယာဥ်ရဲ့ အပျက်အစီးတွေလို့ ယူဆရတဲ့ အစိတ်အပိုင်းပုံတွေကို တီဗီနဲ့ ဆိုရှယ်မီဒီယာတွေမှာ တွေ့ရပါတယ်။

လေယာဥ်က အပိုင်းအစတွေလို့ ထင်ရတာတွေကို တွေ့ရတယ်လို့ လေယာဥ်ပျောက်သွားတဲ့နေရာ အနီးအနားက ကျွန်းမှာ နေသူတချို့က ဘီဘီစီ အင်ဒိုနီးရှား ဌာနကို ပြောပါတယ်။

ဒီလေယာဉ်ဟာ လူ ၃၀၀ ကျော် သေဆုံးခဲ့ရတဲ့ အင်ဒိုနီးရှားနဲ့ အီသီယိုပီးယားက လေယာဉ်ပျက်ကျမှု နှစ်ခု ဖြစ်ခဲ့တဲ့ 737 Max အမျိုးအစားတော့ မဟုတ်ဘူးလို့ သိရပါတယ်။

ဒီလေယာဥ်ပျောက်ဆုံးမှုအတွက် ရှာဖွေကယ်ဆယ်ရေးတွေ စလုပ်နေပြီလို့ အင်ဒိုနီးရှား ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီလေယာဥ်ဟာ သက်တမ်း ၂၇ နှစ်ရှိ ဘိုးအင်း 737-500 လေယာဥ်ဖြစ်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

BBC Burmese