မဲရလဒ်အပေါ် အတိုက်အခံ ဆန္ဒပြမှု NLD တုံ့ပြန်

16-Nov-2020

မြန်မာ့ရွေးကာက်ပွဲ အပြီးသတ်ရလဒ် မနေ့က ထုတ်ပြန်လိုက်ပြီး လက်ရှိအစိုးရပါတီ စံချိန်တင် အနိုင်ရလိုက်ချိန်မှာ အဓိကအတိုက်အခံပါတီနဲ့ အရင်အစိုးရပါတီဘက်ကတော့ ဒီရလဒ်အပေါ် ကန့်ကွက်ဆန္ဒပြနေပါတယ်။ အတိုက်အခံပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဘက်က မနေ့ကပဲ နေပြည်တော်မှာ လူထောင်ချီပြီး ဒီရွေးကောက်ပွဲရလဒ်အပြင် ရွေးကောက်ပွဲကော်မရှင်ကိုပါ ဆန့်ကျင်ပြီး တရားမျှတမှုမရှိဘဲ မဲမသမာမှုတွေရှိခဲ့တဲ့ ရွေးကောက်ပွဲလို့ ရှုတ်ချလိုက်တယ်။

ဒါပေမယ့် အစိုးရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုပြန်ကြားရေးတာဝန်ခံကတော့ ဒီရွေးကောက်ပွဲရလဒ်ကို တပ်မတော်အပါအဝင် အများက လက်ခံပြီးပြီမို့ ခုလို ဆက်မလုပ်သင့်တော့ဘူးလို့ ပြောလိုက်ပါတယ်။ အပြည့်အစုံကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေ့နံ့သာဘောလုံးကွင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ထောက်ခံသူတွေ ၁,၀၀၀ ကျော် ဆန္ဒပြကြတာပါ။ ဒီဆန္ဒပြသူတွေထဲ နေပြည်တော်မြို့နေ ဦးဝင်းအောင်က…

“ကျနော်တို့ မဲလိမ် မဲညစ် မဲခိုးတွေနဲ့ ပြည်သူတွေက မကျေနပ်လို့၊ အဲတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေချင်လို့၊ အားလုံး ကျနော်တို့ ပြည်ခိုင်ဖြိုးကနေ ဝန်းရံပြီးတော့ ဆန္ဒဖော်ထုတ်တာ။” လို့ ပြောပါတယ်။

ဒီအပေါ် အခုတခေါက် စံချိန်တင် သောင်ပြို ကမ်းပြို အနိုင်ရခဲ့တဲ့ NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာ ဦးအောင်ရှင်က အခုလို တုံ့ပြန်ပါတယ်။

“ဒီဟာကို မလုပ်သင့်တဲ့ အလုပ်ပဲလို့ ကျနော်တော့ မြင်တယ်။ UEC ရဲ့ ကြေညာချက်လည်း အတည်ဖြစ်ပြီးသား ဖြစ်တယ်။ နောက်တခါ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ တိုင်းပြည်တွေကလည်း အားလုံးက ဒီရွေးကောက်ပွဲ ရလဒ်ကို ယုံကြည်တယ်ပေါ့။ နောက် အထူးသဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲရလဒ်ကို အတည်ပြုတယ်လို့ ပြောပြီးသားဆိုတော့ ဒီဟာအတွက် ကျနော်တော့ မစိုးရိမ်ဘူး။”

အခုလို ဆန္ဒပြမှုတွေအပြင် ကျောက်မဲမြို့မှာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အိမ်မှာလို သေနတ်နဲ့ပစ်တဲ့ အကြမ်းဖက်မှုမျိုး ရှေ့မှာဖြစ်လာမှာ စိုးရိမ်ရပါသလားလို့ မေးရာမှာ မုံရွာ ဦးအောင်ရှင်က အခုလိုပြောပါတယ်။

“ကျနော်လည်း အဲဒါ မစိုးရိမ်ပါဘူးဗျ။ ဒီလိုဗုံးကွဲတာလည်း အခုမှရယ် မဟုတ်ပါဘူး။ ရွေးကောက်ပွဲ မတိုင်ခင်ကလည်း ဒီလိုပဲ ပစ်တာပါပဲ။ နောက်ပြီးတော့ အခု နေပြည်တော်မှာ ဆန္ဒပြတဲ့ကိစ္စကလည်း တကယ်ကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့လည်း မဟုတ်ပါဘူး။ နေပြည်တော်ဆိုတဲ့ ဒေသတခုအနေနဲ့ကတော့ ဘာမှ သိပ်ပြီးတော့ ထူးထူးခြားခြား မဟုတ်ပါဘူး။”

တကယ်တော့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွေမှာ အရေးပါလေ့ရှိတဲ့ ဒုတိယအကျော့ ရွေးကောက်ပွဲမှာ အာဏာလွှဲခဲ့တဲ့ အရင်အစိုးရပါတီနဲ့ အခု လက်ရှိအစိုးရပါတီတို့အကြား ပြိုင်ဆိုင် တင်းမာမှုတွေ ပြင်းထန်လာခဲ့ပြီး နောက်ဆုံးရလဒ်အပေါ်လည်း ငြင်းခုံမှုတွေ ဆက်ဖြစ်နေကြတာ ဖြစ်ပါတယ်။

Crd VOA News