ရွေးကောက်ပွဲစာရွက်စာတမ်းတွေ မိတ္တူကူးခွင့်မပြုကြောင်း UEC ကြေညာ

08-Dec-2020

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း ပုံစံ (၂၀) ကလွဲပြီး တခြား ရွေးကောက်ပွဲဆိုင်ရာ အသုံးပြုပုံစံတွေနဲ့ စာရွက်စာတမ်းတွေကို မိတ္တူကူးယူခွင့် မပြုဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းတွေကို မိတ္တူကူးယူခွင့် ပြုရမယ်ဆိုတာကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေတွေနဲ့ နည်းဥပဒေတွေမှာ ပြဌာန်းထားတာ မရှိကြောင်း၊ ဒီစာရွက်စာတမ်းတွေကို နောက်တစ်ကြိမ် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးတဲ့အထိ မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ UEC က တာဝန်ယူရတယ်လို့လည်း ဆိုပါတယ်။

တပ်မတော်အပါအဝင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ နိုင်ငံရေးပါတီတချို့က ရွေးကောက်ပွဲတရားမမျှမှု ရှိ/မရှိ ပြန်စစ်ဆေးနိုင်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းအထောက်အထားတွေ မိတ္တူကူးယူခွင့်ပေးဖို့ တောင်းဆိုနေချိန်မှာ UEC က အခုလို ထုတ်ပြန်လိုက်တာပါ။

မဲစာရင်းမှာ နာမည်မပါတာ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိဘဲ မဲလာပေးတာ၊ မဲစာရင်းမှာပါတဲ့ အရေအတွက်ပိုပြီး မဲလာပေးခဲ့တာ စတဲ့စွပ်စွဲချက်တွေကို ရွေးကောက်ပွဲမဲရလဒ် ကြေညာပြီးချိန်ကျမှ နိုင်ငံရေးပါတီတချို့က စွပ်စွဲပြောဆိုခဲ့တယ်လို့ UEC ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် သံသယကင်းကင်းနဲ့ အသိအမှတ်ပြုနိုင်ဖို့အတွက် ရွေးကောက်ပွဲအတွင်း တပ်မိသားစုဝင်တွေ မဲပေးခဲ့တဲ့ မြို့နယ် ၂၁၈ မြို့နယ်က ရွေးကောက်ပွဲဖြစ်စဉ်တွေကို ပြန်ပြီး စိစစ်နေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။

ဒီလို စိစစ်နိုင်ဖို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို မိတ္တူကူးခွင့်ပေးဖို့လည်း ရွေးကောက်ပွဲကော်မရှင်ကို တပ်မတော်က တောင်းဆိုထားပါတယ်။

အတိုက်အခံ နိုင်ငံရေးပါတီကြီးဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကလည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ တရားမမျှတမှု မရှိ‌ကြောင်း တစိုက်မတ်မတ် ပြောဆိုလာခဲ့ပြီး ကော်မရှင်ကို တိုင်ကြားထားတဲ့ အမှုပေါင်း တစ်ထောင်ကျော် ရှိနေပါတယ်။

RFA Burmese