အမေရိကန်လွှတ်တော်အဆောက်အအုံကို စီးနင်းဝင်ရောက်ခဲ့မှုနှင့်ပတ်သက်၍ မိမိတွင်တာဝန်မရှိကြောင်း ထရမ့်ပြော

14-Jan-2021

ဝါရှင်တန် ဇန်နဝါရီ ၁၃

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း သမ္မတထရမ့်ကို ထောက်ခံသည့် ဆန္ဒပြပြည်သူများက အမေရိကန် လွှတ်တော်အဆောက်အအုံကို စီးနင်းဝင်ရောက်ခဲ့မှုနှင့် ပတ်သက်၍ ၎င်း၌တာဝန်မရှိကြောင်း သမ္မတ ထရမ့်က ပြောကြားခဲ့သည်။

ထရမ့်သည် ခြောက်ရက်အတွင်း ပထမဆုံးအကြိမ် အဖြစ် ဇန်နဝါရီ ၁၂ ရက်တွင် အိမ်ဖြူတော်၌ သတင်းထောက် များရှေ့သို့ လူလုံးထွက်ပြခဲ့သည်။ ဒီမိုကရက်တစ်အမတ် များနှင့်အခြားသူများက ၎င်းကို ပြင်းပြင်းထန်ထန်ပြစ်တင် ဝေဖန်လျက်ရှိသည့် လွှတ်တော်အတွင်း ရုန်းရင်းဆန် ခတ်ဖြစ်ပွားခဲ့မှုနှင့်ပတ်သက်၍ သမ္မတထရမ့်က မှတ်ချက် ပေးခဲ့သည်။

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ၎င်းပြောဆိုခဲ့သည့် မိန့်ခွန်းသည် လုံးဝသင့်လျော်မှန်ကန်သည့် မိန့်ခွန်းဖြစ်ပြီး အောက်လွှတ်တော် ဒီမိုကရက်တစ်အမတ်များက ၎င်းအား ဖြုတ်ချရန် ကြိုးပမ်းခြင်းသည် အလွန်ရယ်စရာကောင်း ကြောင်း၊ ထိုသို့လုပ်ဆောင်မှုကြောင့် လူထု၏ဆူပူအုံကြွမှု ပိုမိုဆိုးရွားလာစေကြောင်း ထရမ့်က ထပ်မံပြောကြားခဲ့ သည်။

ဒီမိုကရက်တစ်အမတ်များက ယခုအတိုင်း ဆက်သွား နေမည်ဆိုပါက အနာဂတ်တွင် ၎င်းတို့၏လုပ်ရပ်ကြောင့်ပင် ဆူပူအုံကြွမှုများထပ်ဖြစ်လာနိုင်ပြီး မိမိတို့နိုင်ငံအတွင်း ကြောက်စရာကောင်းသည့် အန္တရာယ်ဖြစ်လာနိုင် ကြောင်း၊ ၎င်းအနေဖြင့် မည်သည့် အကြမ်းဖက်လုပ်ရပ်ကိုမျှ မဖြစ်စေလိုကြောင်း သမ္မတထရမ့်က ပြောကြားခဲ့သည်။

အောက်လွှတ်တော်ကိုယ်စားပြု ဒီမိုကရက်တစ် အမတ်များသည် ဇန်နဝါရီ ၁၂ ရက်က သမ္မတထရမ့်ကို ရာထူးမှဖယ်ရှားရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ဖြည့်စွက်ချက် အမှတ် ၂၅ ကို အသုံးပြုရန် ဒုတိယသမ္မတ မိုက်ပန့်စ်ကို တောင်းဆိုရန်အတွက် မဲခွဲဆုံးဖြတ်မှုပြုလုပ် ခဲ့ကြောင်း သိရသည်။

သို့ရာတွင် သမ္မတထရမ့်ကို ဖြုတ်ချရန် တောင်းဆိုမှုများ အပေါ် ဒုတိယသမ္မတ မိုက်ပန့်စ်အနေဖြင့် တုံ့ပြန်မည့်ဟန် မရှိကြောင်း၊ အမေရိကန်မီဒီယာများက ဖော်ပြကြသည်။ အကယ်၍ ထရမ့် ရုံးတော်မှ ထွက်မသွားလျှင် အောက် လွှတ်တော် ဒီမိုကရက်တစ်အမတ်များက ၎င်းကို တရားစွဲဆိုရန် မဲခွဲဆုံးဖြတ်ကြဖွယ်ရှိကြောင်း သိရ သည်။

အင်န်အိတ်ချ်ကေ