ဥပဒေနဲ့ညီတဲ့၊ မျှတတဲ့ရွေးကောက်ပွဲအဖြေ ဖြစ်အောင် ဥပဒေနဲ့အညီ ကြိုးစားမယ်လို့ ဦးသန်းဌေးပြော

10-Nov-2020

ရွေးကောက်ပွဲရလဒ်တွေဟာ နောက်ဆုံးရလဒ်မဟုတ်သေး လို့ ဆိုပါတယ်။

မဲပေးခြင်းပြီးဆုံးသွားပေမယ့် အနိုင်ရကိုယ် စားလှယ်၊  ရှုံးနိမ့်တဲ့ ကိုယ်စားလှယ် ကြေညာခြင်းတွေ မပြီးဆုံးသေးဘဲ  အငြင်းပွားဖွယ်ရာတွေနဲ့ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပြီး ဒီနေ့ထွက်နေတဲ့ ရလဒ်တွေဟာလည်း နောက်ဆုံးရလဒ်အပြီးအပြတ်မဟုတ်သေးဘူးလို့ ကြိုတင်ပြောချင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ  ဦးသန်းဌေးက ပြောလိုက်ပါတယ်။

ဒီနေ့နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းမှာ ဦးသန်းဌေးက ဗီဒီယိုဖိုင်နဲ့ အမှာစကားပြောကြားချက်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဖေ့စ်ဘွတ်စာမျက်နှာကနေ ထုတ်ပြန်လာတာဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်စေ  ပါတီခေါင်းဆောင်တစ်ယောက်အနေနဲ့ နောက်ဆုံးထွက်ပေါ်လာတဲ့ရလဒ်အတွက် တာဝန်ယူရမှာဖြစ်ပြီး  မျှော်မှန်းထားတဲ့ရလဒ်ရခြင်းမရခြင်းအပေါ်မှာ တာဝန်ယူရမယ်လို့ ခံယူကြောင်း ဦးသန်းဌေးက ပြောပါတယ်။

ဒါပေမဲ့ မဲပေးခြင်းလုပ်ငန်းစဉ်ပြီးဆုံးသွားတဲ့ဖြစ်စဉ်မှာ ဥပဒေနဲ့အညီဖြစ်မဖြစ် အငြင်းပွားဖွယ်ရာ မြောက်မြားစွာ ရှိခဲ့ရှိနေဆဲ၊ အထောက်အထားတွေ ထွက်ပေါ်နေဆဲဖြစ်ပြီး ခရီးက မပြီးဆုံးသေးဘူးလို့ ဆိုပါတယ်။

ဥပဒေနဲ့ညီတဲ့ မျှတတဲ့ရွေးကောက်ပွဲအဖြေဖြစ်အောင် ကြိုးစားသွားမယ်လို့လည်း ဆိုပါတယ်။

ဒီရွေးကောက်ပွဲမှာ ရရှိထားတဲ့ တရားမဲ့ပြုကျင့်မှုအထောက်အထားတွေ၊ သက်သေခံချက်တွေ ရှိထားရင်လည်း ပါတီနဲ့ ကိုယ်စားလှယ်လောင်းတွေထံ ပို့ဆောင်ပေးကြဖို့ ဦးသန်းဌေးက ပြောကြားခဲ့ပါတယ်။

ကြံ့ခိုင်ရေးပါတီကိုထောက်ခံအားပေးတဲ့သူတွေလိုချင်တဲ့ရလဒ်ဖြစ်အောင် ကြိုးစားသွားမယ်လို့လည်း ဦးသန်းဌေးကပြောပါတယ်။

 ကြံ့ခိုင်ရေးပါတီကို မဲပေးခဲ့သူအားလုံး ၊ ကိုယ်တိုင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူတွေနဲ့ ပါတီဝင်တွေ ဝန်းရံသူတွေကို ကျေးဇူးတင်ကြောင်း ဦးသန်းဌေးကပြောပါတယ်။

ဦးသန်းဌေးဟာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး NLD ပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေကို အနိုင်ရခဲ့သူဖြစ်ပါတယ်။

ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ-ဦးသန်းဌေးဖေ့စ်ဘွတ်

မဲရလဒ်တွေ အငြင်းပွားဖွယ်များစွာ ရှိနေကြောင်း USDP ဥက္ကဋ္ဌပြော

NLD အနိုင်ရရှိမှု ကြံ့ခိုင်ဖွံ့ဖြိုးရေး ဥက္ကဌ တရားဝင် လက်မခံသေး

၀န်းရံကူညီသူတွေရဲ့မျှော်လင့်ချက်ရရှိအောင် မဆောင်ရွက်ပေးတဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း ဒေါက်တာနန္ဒာလှမြင့် ပြော