လူနာများလွန်းတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေ ဝန်ပိလာ

08-Dec-2020

ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ COVID-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေသူ တစ်သိန်းကျော်ရှိသွားဖြစ်ပြီး သေဆုံးသူ နှစ်ထောင့်တစ်ရာကျော်အထိ ရှိလာပါတယ်။ ပိုးကူးစက်မှုကျမသွားဘဲ တိုးနေတာကြောင့် ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပင်ပန်းလာပါတယ်။

ဆရာဝန်တွေ၊ သူနာပြုတွေ ပင်ပန်းလွန်းတဲ့အတွက် ဒီဒဏ်ကို ခံနိုင်ပါ့ဦးမလားဆိုတာ စိုးရိမ်မိတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဆေးကုသမှုဌာန ပါမောက္ခ ဒေါက်တာ မော်မော်ဦးက ပြောပါတယ်။

“တစ်ထောင်ဝန်းကျင်ဟာ အမြဲတမ်း နေ့တိုင်းသွားနေတဲ့ အခြေအနေမှာရှိတယ်။ ကူးစက်မှုက မကျသေးဘူး၊ ရန်ကုန်ဆေးရုံကြီးကို လာပြတဲ့သူအရေအတွက်ကလည်း မကျသေးဘူး။ ဒီလိုအခြေအနေမျိုးရှိတော့ ဆရာဝန်၊ ဆရာမတွေကလည်း ရက်ရှည်လများဖြစ် လာတော့ သူတို့လည်းပန်းနေပြီ။ အဲဒီလိုအခြေအနေရှိတယ်။ တစ်နေ့လာပြတာနဲ့ လောလောဆယ် ပြင်ဆင်ထားတဲ့နှုန်းနဲ့တော့ အဆင်ပြေနေသေးတယ်။ လောလောဆယ် ပုံမှန်တော့ နိုင်နေနိုင်သေးတယ်။ နိုင်တယ်ဆိုတာကလည်း တစ်နေ့တည်းနဲ့ ပြောလို့ မရဘူး၊ ရက်ရှည်လများ ဖြစ်လာရင် ကြာရှည်ဒဏ်ခံနိုင်ပါ့မလားဆိုတာ စိုးရိမ်စရာရှိတယ်”

ရန်ကုန်အပြင် ဧရာဝတီတိုင်းမှာလည်း ပိုးတွေ့လူနာတွေ များလာတာကြောင့် လက်ရှိတွေ့ရှိမှုထက် ပိုများလာရင် ဆေးဝါးကုသပေးမယ့် ကျန်းမာရေးဝန်ထမ်းတွေ အခက်အခဲရှိနေကြောင်း ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ပြောထားပါတယ်။ မန္တလေးတိုင်း မှာလည်း ပိုးတွေ့လူနာတွေ နေ့စဉ် တိုးနေတာကြောင့် တိုင်းအစိုးရက ကုသရေးပိုင်း တိုးချဲ့တာတွေ လုပ်နေပါတယ်။

အစိုးရက တရားဝင်ထုတ်ပြန်တဲ့ အတည်ပြုလူနာစာရင်းနဲ့ သေဆုံးစာရင်းတွေဟာ လက်တွေ့ အပြင်မှာ ပိုများနေမလားဆိုတာလည်း မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

အနံ့ပျောက်တာ၊ ချောင်းဆိုး ခေါင်းကိုက်တာ စတဲ့ ရောဂါလက္ခဏာတွေ ရှိနေပေမယ့် သက်ဆိုင်ရာကို သွားရောက်ပြသစစ်ဆေးမှု ခံယူတာတွေမရှိဘဲ အိမ်မှာပဲနေပြီး ဆေးစား၊ ဆေးသောက်လုပ်နေသူတွေလည်း အများအပြားပါပဲ။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လက္ခဏာရှိပေမယ့် Fever ဆေးခန်းတွေကနေ ဆေးပေးပြီး ပြန်လွှတ်လိုက်လို့ သက်သာပျောက်ကင်း သွားသူတွေရှိသလို ရောဂါကြောင့် သေဆုံးပြီး စာရင်းမဝင်တာတွေလည်း ရှိနေပါတယ်။

မြောက်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ မထက်ထက်ဇော်က တစ်အိမ်သားလုံး ကိုဗစ်လက္ခဏာဖြစ်ခဲ့ပြီး သက်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက် သူတွေဆီ အကြောင်းကြားခဲ့ပေမယ့် အိမ်မှာပဲ နေထိုင်ကုသချင်ရင် ကုသနိုင်ကြောင်း လမ်းညွှန်ချက်ပေးခဲ့တယ်လို့ ပြောပါတယ်။

"အနံ့ပျောက်တဲ့အချိန်တုန်းက အမျိုးသားက မြို့နယ် ရပ်ကွက်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖုန်းဆက်တယ်။ အဲဒီမှာ ဆရာမ တစ်ယောက်ဖုန်းနံပါတ်ရတယ် အဲဒီဖုန်းကို ဆက်တော့ ဘယ်လိုလုပ်ချင်လဲမေးတယ်၊ အနံ့ပျောက်ရုံလောက်ဆိုရင် အိမ်မှာပဲနေပြီး တစ်ရက် နှစ်ရက်နေပြီး စောင့်ကြည့်မလား ဒါမှမဟုတ် ကွာရန်တင်းစင်တာသွားမလား ဆိုပြီးပြောတယ်၊ အိမ်မှာနေပြီး ကုခဲ့လို့ ပြန်ကောင်းသွားတယ်။ ကိုယ်က ပိုးကူးခံရတာ ဖြစ်နိုင်ခြေ အများကြီးရှိခဲ့ပေမယ့် အစိုးရရဲ့ စာရင်းထဲတော့ ပါမသွားဘူးပေါ့။ အဲဒီ လိုတော့ ဖြစ်ခဲ့တယ်။"

အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက်က အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ကိုဗစ်လက္ခာရှိတာကြောင့် သွားရောက်စစ်ဆေး ရာမှာ ပိုးကူးစက်ခံနေရတယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။ ကူးစက်မခံရခင်က ဆီးချိုသွေးချိုဝေဒနာရှိတဲ့ ဒီအမျိုးသမီးဟာ မကြာခင်ပဲ သေဆုံးသွားခဲ့တဲ့ အခြေအနေကို အစ်မဝမ်းကွဲဖြစ်သူ ဒေါ်အေးမေက ပြောပြပါတယ်။

"သူ့မှာ နဂို ဆီးချိုသွေးချိုရောဂါအခံရှိတယ်။ အဲဒီမှာ ကိုဗစ်လက္ခဏာဖြစ်လို့ သွားစစ်တော့ P ဖြစ်တယ်။ ပြီးတော့ ဆေးရုံတက် ကုရတယ်။ ဆေးရုံကဆင်းပြီး လေးရက်အကြာမှာ ဆုံးတာပဲ။ သူက အောက်ဆီဂျင်တန်းလန်းနဲ့ ဆင်းလာရတာပဲ။ ဆင်းလာခါစက သက်သာတယ်။ နောက်ပိုင်း ရောဂါအခံနဲ့ အစားမဝင်တာနဲ့ ဆုံးတာပဲ"

လက်ရှိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန်နေတဲ့ စာရင်းတွေအရ ပိုးတွေ့ရှိမှုနှုန်း ကျဆင်းလာတာ မတွေ့ရသေးဘဲ သေဆုံးမှုတွေလည်း နေ့စဉ် ၂၀ နဲ့ ၃၀ ကြား ရှိနေဆဲဖြစ်ပါတယ်။

ရောဂါဆိုးဆိုးဝါးဝါး မဖြစ်သူတွေကို သောက်ဆေးပေးပြီး နေအိမ်ပြန်လွှတ်တာတွေလည်း တွေ့နေရတယ်လို့ ရန်ကုန်တိုင်း လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဦး သူမြင်တွေ့ရတဲ့ အခြေအနေကို ပြောပါတယ်။

“Fever Clinic တွေကနေ တချို့ဆိုရင်လည်း သိပ်ပြီးတော့မှ ရောဂါခံမရှိဘူး၊ အခြေအနေ သိပ်မဆိုးဘူး ဆိုရင်တော့ အိမ်ပြန်လွှတ်ပြီးတော့မှ သူတို့ ဆေးသောက်ပါဆိုပြီး ပြန်လွှတ်တာတွေလည်း ကျွန်တော်တို့ ပြန်ပို့ိဖူးတာရှိပါတယ်။ ဥပမာ ကျွန်တော်တို့ အသိမိတ်ဆွေ တော်တော်များများထဲတောင်မှ အိမ်မှာ ကလေးတွေဖြစ်ကြတယ်၊ လူကြီးတွေကတော့ ရက်လေး တစ်ရက် နှစ်ခြားပြီး ဆုံးပါးတဲ့ မိဘတွေ ရှိတာမျိုးလည်း ကြုံဘူးပါတယ်ဗျ။ ဒါမျိုးတွေဆိုရင် စာရင်း မဝင်နိုင်တာတွေရှိပါတယ်။ ဘာလို့လဲဆိုတော့ တခါတည်း သဂြိုဟ်တာလေးတွေ ရှိတာပေါ့။ အမှန်ပြောရရင် ကျွန်တော်တို့ အတွေးဆိုရင်တော့ ဒီထုတ်ပြန်တာထက်ကို ပိုပြီးတော့ စိုးရိမ်စရာ ပိုများနေပါတယ်။ ရန်ကုန်တိုင်းအနေနဲ့ပေါ့နော်”

ပြည်သူလူထုက ပူးပေါင်းပါဝင်မှုနည်းသလို အစိုးရတာဝန်ရှိသူတွေအနေနဲ့လည်း တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဖို့ အထူးလိုအပ်နေပြီး ပရဟိတအသင်းတွေ၊ အလှူရှင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေလည်း ပင်ပန်းနွယ်နယ်တဲ့အချိန်ရောက်နေပြီလို့ ဦးထွန်းထွန်းဦးက ထောက်ပြပါတယ်။

အမှန်တကယ် ကူးစက်ခံနေရသူ အရေအတွက်ဟာ အစိုးရက တရားဝင် ထုတ်ပြန်တဲ့ စာရင်းတွေထက် ပိုများနိုင်တယ်လို့ ရန်ကုန်တိုင်း လူထုအခြေပြုဖျားနာကု အခမဲ့ဆေးခန်း တာဝန်ခံ ဒေါက်တာ ကျော်မင်းထွန်းက ပြောပါတယ်။

“အနံ့ပျောက်၊ အိမ်မှာ ကြိတ်ပြီးနေတဲ့သူတွေ အများကြီးပဲ၊ အဲဒါစာရင်းက မဝင်ဘူး။ စာရင်းမဝင်ဘူး ဆိုတာ သူတို့က Report မလုပ်ဘူးလေ၊ Report လုပ်မှ စာရင်းဝင်မှာ ဒီမြို့နယ်ကျန်းမာကို Report လုပ်ရမယ်၊ အုပ်ချုပ်ရေးပိုင်းကို Report လုပ်ရမယ်၊ နောက်ပြီးတော့ ကျွန်တော်တို့ Fever Clinic ကို Report လုပ်ရမယ်ပေါ့နော်။ အဲလိုမျိုး ဖုန်းဆက်တယ်၊ ဖုန်းဆက်ရင်လည်း မကိုင်တော့ဘူးနော်။ ဆေးအညွန်းတွေ အဓိကမေးတာ၊ အနံ့ပျောက်တယ် ဘာလုပ်ရမလဲပေါ့နော်။ Swab ယူဖို့ ချိန်းရင်လည်း မလာဘူးပေါ့နော်။ အဲလိုတွေရှိတယ်။ တကယ်တမ်း စာရင်းမဝင်တဲ့သူတွေလည်း အများကြီးရှိတယ်။ အခုချိန်မှာ ကျွန်တော်တို့ အသိမိတ်ဆွေ အသိုင်းအဝိုင်းမှာလည်း အများကြီးပဲ။ ခေါ်လည်းမလာဘူး၊ Swab ယူဖို့လည်း ငြင်းတယ်”

ဗဟန်းမြို့နယ် လူထုအခြေပြု ဖျားနာကု အခမဲ့ဆေးခန်း Fever Clinic မှာ လုပ်အားပေးနေတဲ့ ဒေါက်တာ ဇေသူအောင်ကတော့ အရေအတွက်များများ စစ်ပေးနိုင်ရင် ကောင်းမယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ဆီကို လူနာက စစ်ချင်လို့လာတယ်ဆိုရင် သက်ဆိုင်ရာနေရာတွေပေါ့၊ ကျွန်တော်တို့ ဗဟန်းဆိုရင် ရပ်ကွက်မှာ ဖွင့်ထားတဲ့ အနံ့ပျောက်စင်တာတွေရှိတယ်၊ ဒါမှမဟုတ် ဧရာဝတီစင်တာမှာ ဗဟန်းက စာရင်းတင်လို့ရပြီလေ၊ အခုတော့ အဲလိုပုံစံနဲ့ သွားနေတယ်ပေါ့နော်။ အဲလိုမျိုးသွားတဲ့အခါမှာ တချို့လူနာတွေက အားရကျေနပ်မှုတော့ မရှိဘူးပေါ့၊ တခါတည်း ပြီးသွားချင်တာ ပေါ့။ ဧရာဝတီစင်တာမှာဆိုရင် ကျွန်တော်တို့ ဗဟန်းကနေ စစ်မယ်ဆို ချက်ချင်းမရပါဘူး။ အလှည့်ကျ တန်းစီရတာ တော်တော်ကြာ ပါတယ်။ ငါးရက်လောက်ကြာတယ်လို့လည်း ပြောပါတယ်။ အဲဒီတော့ ဘာကိုပြလဲဆိုတော့ သူတို့ဆီမှာ စစ်ပေးနိုင်တဲ့ လူအင်အားနဲ့ အချိန်က နည်းနေသေးတယ်ဆိုတာ တွက်ဆလို့ရပါတယ်။ အဲဒါတွေ များလာရင်တော့ ပိုကောင်းတာပေါ့”

အတည်ပြုလူနာ အားလုံးရဲ့  ၇၄ ရာခိုင်နှုန်းဟာ ရန်ကုန်တိုင်းကဖြစ်သလို သေဆုံးသူအားလုံးရဲ့ ၉၂.၇ ရာခိုင်နှုန်းဟာလည်း ရန်ကုန်တိုင်း က ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိထားပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေကို လိုက်နာကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့ညက ကပ်ရောဂါကာကွယ်ရေး နောက်ဆုံးအခြေအနေ အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ တိုက်တွန်းထားပါတယ်။

ကပ်ရောဂါတိုက်ပွဲ အဆုံးသတ်ခါနီးပြီမို့ ပွဲသိမ်းတဲ့အချိန်မှာမှ ကမောက်ကမ မဖြစ်ဘဲ အောင်အောင်မြင်မြင် အဆုံးသတ်ချင်တယ်လို့ ပြောကြားခဲ့သလို ကာကွယ်ဆေးပေါ်လာတဲ့အခါ မြန်မာနိုင်ငံအနေနဲ့လည်း အမြန်စပြီးသုံးနိုင်အောင် စီစဉ်နေပြီလို့လည်း ဒေါ်အောင်ဆန်း စုကြည် က ပြောကြားခဲ့ပါတယ်။

RFA Burmese