ဗြိတိန်က ကိုဗစ်ကာကွယ်ဆေး အလားအလာကောင်း

20-Nov-2020

COVID-19 ရောဂါ ဖြစ်ပွါးစေတဲ့ ကိုရိုနာဗိုင်းရပ်စ် အတွက် ထိရောက်ပြီး စိတ်ချရတဲ့ ကာကွယ်ဆေး ရဖို့ ကမ္ဘာတလွှားကြိုးစားမှုတွေကနေ ကြာသပတေးနေ့မှာလည်း ဗြိတိန်ဆေးကုမ္ပဏီ ဆီက သတင်းကောင်း ထွက်လာခဲ့ပါတယ်။

လူငယ်တွေမှာရော လူကြီးတွေမှာပါ ကိုယ်ခံအားကောင်းကောင်းနဲ့ တုံ့ပြန်နိုင်စွမ်းရှိမယ့် စိတ်ချရတဲ့ ဆေး ထုတ်နိုင်ဖို့ ကြိုးစားနေတဲ့ ဗြိတိန်က AstraZeneca ဆေးကုမ္ပဏီကြီးဟာ Oxford တက္ကသိုလ်နဲ့ ပူးတွဲပြီး စမ်းသပ်နေတဲ့ ကာကွယ်ဆေးဟာ အလားအလာကောင်းကြောင်း နာမည်ကြီး လန်းစက် Lancet ဆေးဂျာနယ် က ရေးသားခဲ့တာ ဖြစ်ပါတယ်။

၂ ကြိမ်ထိုးဖို့ လိုအပ်တဲ့ ဒီကာကွယ်ဆေးကို ကျန်းမာတဲ့ လူရွယ်လုပ်အားပေး ၅၆၀ နဲ့ အသက် ၇၀ နဲ့အထက် လူကြီးလုပ်အားပေး ၂၄၀ တို့နဲ့ ဒုတိယအဆင့် Stage 2 စမ်းသပ်မှုတွေ လုပ်ခဲ့ရာမှာ အလားအလာကောင်းကြောင်း တွေ့ခဲ့ရတာပါ။

အခုဒီကာကွယ်ဆေးကို နောက်ဆုံး အဆင့် Stage-3 အဆင့်မှာ စမ်းသပ်နေပြီဖြစ်ပါတယ်။

COVID-19 အတွက် ထိရောက်ပြီး စိတ်ချရတဲ့ ကာကွယ်ဆေး ၂ မျိုး ကို အမေရိကန်ဆေးကုမ္ပဏီတွေက တွေ့ရှိကြောင်း ကြေညာပြီး ရက်ပိုင်းအတွင်း အခုလို အလားအလာရှိတဲ့ နောက်ဆေးတမျိုးတွေ့ကြောင်း သတင်းကောင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဂျာမဏီက BioNTech နဲ့လက်တွဲပြီး Pfizer ဆေးကုမ္ပဏီက စမ်းသပ်နေတဲ့ ကာကွယ်ဆေးဟာ ရာခိုင်နှုန်း ၉ ၀ ကျော် ထိရောက်မှုရှိသလို အမေရိကန်အခြေစိုက် Moderna ကလည်း သူတို့ရဲ့ ကာကွယ်ဆေးဟာ ၉ ၅% ထိရောက်မှု ရှိကြောင်း ဒီသီတင်းပတ်ထဲမှာပဲ ကြေညာခဲ့တာပါ။

ကမ္ဘာတလွှား နိုင်ငံအတော်များများမှာ ဒီရောဂါ ဖြစ်ပွါးမှု တိုးလာတဲ့ အတွက် Lockdown ချတာတွေနဲ့ကန့်သတ်မှုတွေ တိုးလုပ်လာချိန်မှာပဲ အခုလို COVID-19 အတွက် အလားအလာရှိတဲ့ ကာကွယ်ဆေး တွေ ထုတ်နိုင်တော့မယ် သတင်းကောင်း ကြားရတာ ဖြစ်ပါတယ်။

Crd VOA News

ဖိုက်ဇာကုမ္ပဏီက ၎င်းတို့၏ကာကွယ်ဆေးကို အမေရိကန် FDA၏ ခွင့်ပြုချက်ရယူသွားမည်

တရုတ်ကိုဗစ်ကာကွယ်ဆေး အောင်မြင်မှုတွေ့ရ

အမေရိကန် ကိုဗစ် ကာကွယ်ဆေး အသက် ၆၅ အထက်တွေမှာ ၉၄ ရာနှုန်း ထိရောက်တယ်လို့ဆို