ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲစစ်ဆေးမှုများဆောင်ရွက်နိုင်သည့် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းသစ်ဖွင့်လှစ်

21-Nov-2020

မန္တလေး နို၀င်ဘာ ၂၀

မန္တလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲစစ်ဆေးမှုများ ဆောင်ရွက် နိုင်သည့် နိုင်ငံတကာအဆင့်မီ Bio Safety Level(2+)အဆင့်ရှိ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (Public Health Labora-tory-Mandalay) အဆောက်အအုံသစ် ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက မဟာအောင်မြေမြို့နယ် ၃၅ လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား ရှိ အဆိုပါအဆောက်အအုံသစ်တွင် ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြည်သူလူထု အတွက် အလျင်အမြန်လိုအပ်နေသည့် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းသစ် တစ်ခု အချိန်တိုအတွင်း ပေါ်ပေါက် လာသည့်အတွက် မန္တလေးမြို့အတွက် သာမက အထက်မြန်မာပြည်ရှိ တိုင်း ဒေသကြီးနှင့် ပြည်နယ်များအတွက်ပါ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ ဓာတ်ခွဲ စစ်ဆေးမှုများကို ပိုမိုပြုလုပ်ပေးနိုင် တော့မည်ဖြစ်ကြောင်း၊ ယခင်က တို့ဖတ်နမူနာများကို ရန်ကုန်သို့ပို့ပြီး ဓာတ်ခွဲစစ်ဆေးရာတွင် သုံးလေး ငါးရက်ကြာမြင့်ပါကြောင်း၊ ပြည်သူ များအတွက် အလျင်အမြန် လိုအပ်နေ သည့်အချိန်တွင် လိုအပ်သည့်အရာ တစ်ခုကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ခြင်းသည် အစိုးရနှင့်အတူ စေတနာရှင် အလှူရှင်များ၏ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုကြောင့် ဖြစ်ပါ ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) အဆောက်အအုံသစ်ကို မန္တလေးတိုင်း ဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ဌေး၊ တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင်၀န်ကြီးများဖြစ်ကြ သည့် ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ ဒေါက်တာရဲလွင်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းသန်းမြင့်၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ မေဝင့်ဝါ နှင့် မန္တလေးမြို့ပြဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေရှာဖွေရေးကော်မတီမှ တာဝန် ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် မန္တလေးမြို့ပြဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေရှာဖွေရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်း တို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

ထို့နောက် တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာ ရည်ဖြင့် ပက်ဖျန်းပေးပြီး အဆိုပါ ကော်မတီမှ ဒုတိယဥက္ကဋ္ဌက PHL (Mandalay) နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) ဒုတိယညွှန်ကြားရေးမှူး ထံသို့ လွှဲပြောင်းပေးအပ်သည်။

ယနေ့ဖွင့်လှစ်သည့် နိုင်ငံတကာ စံချိန်မီ Bio Safety Level (2+) အဆင့် ဓာတ်ခွဲခန်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကကြီးကြပ်၍ မန္တလေး မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေရှာဖွေ ရေးကော်မတီမှ လှူဒါန်းငွေများဖြင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်း များနှင့်အညီ တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး အဆောက်အအုံ ကုန်ကျငွေ ကျပ်သိန်း ၁၂၀၀၀ ခန့်ရှိကြောင်း၊ ထို့ပြင် ငွေကျပ်သိန်း ၁၃၀၀၀ ကျော် တန်ဖိုးရှိ ကိုဗစ်-၁၉ စစ်ဆေးနိုင်သည့် ဓာတ်ခွဲခန်းသုံးစက်ပစ္စည်းများလည်း ပါ၀င်ကြောင်း၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) အနေ ဖြင့် တစ်နေ့လျှင် တို့ဖတ်နမူနာ ၁၀၀၀ မှ ၁၅၀၀ကြားအထိ ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)