ကျန်းမာသက်ရှည်ဖို့ အငန်လျှော့စားစို့

05-Oct-2020

သွေးတိုးရောဂါဖြစ်ရခြင်းအကြောင်းရင်း များစွာရှိပါသည်။

(က) မိသားစုအတွင်း သွေးတိုးရောဂါရှိခြင်း

(ခ) အဝလွန်ခြင်း ၊

(ဂ) အသက်အရွယ်အားဖြင့် ကြီးသူများ

(ဃ) ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ (ကွမ်းယာ)သုံးစွဲသူများ

(င) အရက်ယမကာ အလွန်အကျွံသောက်သူများ

(စ) ငါးပိ၊ ငါးခြောက် အခြားသော အငန်ကဲသော အစားအသောက်များကို ကြာရှည်စွာ စားသုံးခြင်း၊ စားသုံးလေ့ရှိသူများ

(ဆ) စိတ်လှုပ်ရှားလွယ်ခြင်း၊ ဒေါသကြီးခြင်း

အထက်ဖော်ပြပါအကြောင်းများအနက် “ငါးပိ၊ ငါးခြောက်နှင့် အခြားအငန်များကို ကြိုက်နှစ်သက်ကြသူ များမှအပ ကျန်သောအကြောင်းအရာများသည် သိသာ ထင်ရှားဖွယ် တွေ့ရှိနိုင်ပါသည်။ ငါးပိ၊ ငါးခြောက်နှင့် အငန်ကဲထားသောအစားအသောက်များမှာ မြန်မာနိုင်ငံ၏ တောရွာဒေသ၊ မြို့ပြနေအများစုတို့၏ မသိမသာ၊ ပုံမှန်ဓလေ့သဖွယ် စားသောက်နေထိုင်ကြသောကြောင့် သတိမထားကြခြင်းများကို တွေ့ရမည်ဖြစ်ပါသည်။

အိမ်သုံးဆားသည် ဆိုဒီယမ်ကလိုရိုက် (Sodium Chloride) ပါဝင်သောကြောင့် အဆိုပါဆိုဒီယမ်သည် သွေးတိုးခြင်းကိုဖြစ်စေနိုင်ပြီး လိုသည်ထက် ပိုမို စားသုံးကြလျှင် မည်သည့် အသက်အပိုင်းအခြား လူငယ်ဖြစ်စေ၊ လူကြီးဖြစ်စေသွေးတိုးရောဂါရနိုင်ပါသည်။ ထို့ကြောင့် တစ်နေ့တာ ဆားသုံးစွဲမှုမှာ (၅) ဂရမ်ထက် မကျော်ရန်နှင့် ဖြစ်နိုင်ပါက (၂) ဂရမ်အောက် လျော့နည်းစားသုံးသင့်ပါသည်။ ထို့ကြောင့် ဆား စားသုံးမှုများလျှင် သွေးတိုးရောဂါကိုရစေပြီး နှလုံးကို ထိခိုက်ခြင်း၊ လေဖြတ်ခြင်းတို့ကြောင့် ငယ်ရွယ်သူများပင် သေဆုံးနိုင်သော ရောဂါဖြစ်သောကြောင့် သွေးတိုးရောဂါသည် “အသံတိတ် လူသတ်သမား(Silent Killer)” ဟူ၍ တင်စားခေါ်ဆိုခြင်းပင်ဖြစ်ပါ၏။

 

ဒေါက်တာသိန်းဆွေ (ပြည်သူ့ကျန်းမာ)

(ကျန်းမာသက်ရှည်ဖို့ အငန်လျှော့စားစို့ ဆောင်းပါးကောက်နုတ်ချက်)