မဟာမုနိနှင့် ခေါင်းလောင်းတော်နှစ်လုံး

30-Mar-2023

#မောင်သာ(ရှေးဟောင်းသုတေသန)

မန္တလေးမြို့၏အမှတ်လက္ခဏာတစ်ရပ်ဖြစ်သည့် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသည် ချမ်းမြသာစည်မြို့နယ်၊ကျွန်းလုံးဥသျှောင်ရပ် ကွက်တွင်တည်ရှိပြီး ရုပ်ပွားတော်ကို မဟာမြတ်မုနိဟုလည်းကောင်း၊ဘုရားကြီးဟုလည်းကောင်းခေါ်ဆိုကြသော်လည်း ဘွဲ့အမည် မှန်သည် မဟာမုနိဖြစ်သည်။မဟာမုနိရုပ်ပွားတော်သည် အမရပူရမြို့ကိုတည်ထောင်ခဲ့သော ဘိုးတော်ဘုရားလက်ထက်မြန်မာ သက္ကရာဇ် ၁၁၄၆ ခုနှစ်(ခရစ်နှစ် ၁၇၈၄ ခုနှစ်)တွင် အမရပူရသို့ရောက်ရှိခဲ့သည်။

 ရုပ်ပွားတော်၏ဥာဏ်တော်သည် ၁၂ ပေ ခုနစ် လက်မ ၊ ခါးတော်ပတ်လည် ၉ ပေ နှင့် ၆ လက်မ၊ လက်မောင်းတော်လုံး ပတ်သည် ၄ ပေ ၁၁ လက်မနှင့်ပခုံးစွန်းနှစ်ဘက်သည် ၆ ပေ ၁ လက်မ ရှိသည်။မဟာမုနိကြေးသွန်းရုပ်ပွားတော်ကို တင်ပျဉ်ခွေထိုင် ၊ ဘူမိဖဿမုဒြာ(လက်တော်မြေထိ)ဟန်ထုလုပ်ထားကာ အလေးချိန် ၆ တန်ခွဲ ရှိသည်။ 

မဟာမုနိ

 ဘိုးတော်ဘုရားသည် ရုပ်ပွားတော်ကြီးကို အမရပူရမြို့တော်၏မြောက်ယွန်းယွန်းတာ ၁၀၀၀ အကွာရှိ ညီညာပြေပြစ်သော မြေပြင်တွင် ဘုံကိုးဆင့်ရှိသောရွှေပြာသာဒ်အတွင်း၌ထားရှိပူဇော်ခဲ့သည်။ထိုအချိန်မှစ၍ မင်း၊ မိဖုရား၊ မှူးမတ်၊ ၀န်ကြီး၊ ၀န်လေး အဆက်ဆက်တို့သည် ရုပ်ပွားတော်အားရွှေသင်းကျစ်၊ ရွှေမကိုဋ်၊ ရွှေစောင်းတန်း၊ ရွှေဇရပ်များလှူဒါန်းခဲ့ကြသည်။မဟာ မုနိရုပ်ပွား တော်၊တန်ဆောင်းနှင့်ပြာသာဒ်အဆောက်အအုံများကို ၁၈၈၄ ခုနှစ် ဧပြီလ ၇ ရက် မွန်းလွဲ နှစ်ချက်တီးကျော်၊သုံးမောင်းအချိန်တွင် ရတနာဘုမ္မိရပ်မှစတင်ခဲ့သည့် မီးကလောင်ကျွမ်းခဲ့သည်။

 မီးဘေးကြောင့်မဟာမုနိရုပ်ပွားတော်၏ ရွှေသားမကိုဋ်တော်၊ နားပန်တော်၊ စလွယ်တော်များနှင့်ရုပ်ပွားတော်တွင်ကပ်လှူ ထားသည့်ရွှေသင်္ကန်းများပျက်စီးခဲ့ပြီး ရုပ်ပွားတော်မှာမူ မီးသင့်ခြင်းမခံရဘဲပကတိအတိုင်းရှိခဲ့သည်။မီးသင့်မှုဒဏ်ကြောင့် မဟာမုနိ ရုပ်ပွားတော်မှ အရည်ပျော်ပြီးကွာကျခဲ့သည့်ရွှေများကို သိမ်းဆည်းခဲ့ရာ ရွှေချိန် ၅၄၅၀ ရရှိသည်ဟုမှတ်တမ်းပြုထားသော်လည်း ရွှေ ချိန်ယူနစ်ကိုဖော်ပြထားခြင်းမရှိချေ။ ၁၈၈၄ ခုနှစ်၊ဇွန်လ ၂၃ ရက်တွင် မဟာမုနိရုပ်ရှင်တော်မြတ်အား မကိုဋ်တော်ဆင်ယင်လှူဒါန်း ခဲ့သည်။

 သီပေါမင်းသည် မဟာမုနိရုပ်ရှင်တော်မီးသင့်ခံခဲ့ရစဉ်က သိမ်းဆည်းရရှိခဲ့သောရွှေများကိုခတ်လုပ်ထားသည့် အချိန်ခွက် ၆၀ ရှိသည့် ရွှေပုစွန်ခွံသင်္ကန်းတော်များကို ၁၈၈၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်တွင် ရုပ်ရှင်တော်မြတ်ထံကပ်လှူစေခဲ့သည်။

 မဟာမုနိပြသာဒ်တော်ကြီးကို မြန်မာသက္ကရာဇ် ၁၂၆၀ ပြည့်နှစ်တွင် အုတ်၊အင်္ဂတေများဖြင့် ဆောက်လုပ်ခဲ့သည်။ ပြသာဒ် တော်အထက်တွင် တင်လှူထားသည့်ထီးတော်သည် မြန်မာသက္ကရာဇ် ၁၂၇၈ ခုနှစ်တွင်လေပြင်းတိုက်ခတ်မှုကြောင့်မြေပြင်သို့ ကျခဲ့သဖြင့် ရပ်စောက်စော်ဘွားကြီးက ထီးတော်အသစ်ကိုတင်လှူခဲ့သည်။

မဟာမုနိရုပ်ရှင်တော်ဘုရားကြီး၏ အုပ်ချုပ်မှုကိစ္စအရပ်ရပ်ကို တောင်တော်သာသနာပိုင်ဆရာတော်ကြီးအမှူးပြုသော သုဓမ္မာဆရာတော်ကြီးများနှင့်ကင်း၀န်မင်းကြီးအမှူးပြုသောပုဂ္ဂိုလ်များက တာ၀န်ယူခဲ့သည်။ ရုပ်ပွားတော်မျက်နှာသစ်တော်ရေ၀တ် ဆောင်ရွက်ရန် ရွှေရေးဆောင်ဆရာတော်ဦးနန္ဒထံ မြန်မာသက္ကရာဇ် ၁၂၄၈ ခုနှစ်တွင် ဂန္ဓကုဋိတိုက်သော့အပ်ခဲ့သည်။မြန်မာ သက္က ရာဇ် ၁၃၄၉ ခုနှစ်၊တပေါင်းလဆန်း ၁ ရက်မှစ၍ တောင်ထီးလင်းတိုက်၊ပိဋကတ်တိုက်ကျောင်းမှ ဆရာတော်ဘဒ္ဒန္တပညာဝံသက ရုပ်ပွားတော်မြတ်မျက်နှာသစ်၀တ်ကို နေ့စဉ် နံနက်တိုင်းဆောင်ရွက်ခဲ့သည်။

 ကိုဓဥပဒေ(၉၂)အရ ဘဏ္ဍာတော်ထိန်းစည်းမျဉ်းဥပဒေပေါ်ထွက်လာခဲ့ပြီး မဟာမုနိရုပ်ရှင်တော်မြတ်ဘုရားကြီး၏ ပထမ ဆုံးဘဏ္ဍာတော်ထိန်းအဖွဲ့ကို ခရစ်နှစ် ၁၈၉၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။၁၈၉၄ ခုနှစ် ဇွန်လ ၂၇ ရက်တွင်အင်ဂျင်နီယာမင်းကြီး မစ္စတာဟင်နဲပေါ့၊ လက်ထောက်အင်ဂျင်နီယာ မစ္စတာဘူနှင့်၀န်စာရေးကြီးဦးယောတို့က ဂန္ဓကုဋိတိုက်အား ထပ်မံအုတ်မြစ်ချခဲ့ သည်။ လက်ရှိဂန္ဓကုဋိတိုက်ကို ကင်း၀န်မင်းကြီးနှင့်အနောက်တိုင်းဗိသုကာများက ၁၈၉၆ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။

 ၁၉၀၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ဦးဖဲက မဟာမုနိပလ္လင်တော်နှင့်တံကဲတော်များကိုပြင်ဆင်ခဲ့ပြီး ၁၉၀၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်တွင် သီပေါမင်းလှူဒါန်းခဲ့သည့် မကိုဋ်တော်ကိုပြန်လည်ပြုပြင်၍ စိန်၊ပတ္တမြား၊နီလာ၊ရတနာမျိုးစုံ ၉၄၀ စီခြယ် ထားသည့် မကိုဋ်တော်အသစ်ကိုတင်လှူခဲ့သည်။ ၁၉၀၈ ခုနှစ် ဇူလိုင်လ ၁၂ ရက်တွင် န၀ရတ်ကိုးပါး စီခြယ်ထားသည့် အလေးချိန် ၁၃ ပိဿာ ၆၀ ကျပ်သားရှိသည့် ရွှေသားစလွယ်တော်ကိုဆက်ကပ်ခဲ့၍ ၁၉၁၈ ခုနှစ်တွင် ညောင်ရွှေစော်ဘွားဆာတေမောင်က ရွှေချိန် ၁၉

 မဟာမုနိရုပ်ရှင်တော်မြတ်ကို ဖူးမျှော်ကြည်ညိုသူများအလွန်များပြားလာသည့်အတွက် ၁၉၃၁ ခုနှစ် ဇန်နဝါရီလ ၂၉ ရက် တွင် ရသေ့ကြီးဦးခန္တီက မဟာမုနိနှင့်အာနန္ဒာသိမ်အကြား အုတ်စောင်းတန်းကြီးကိုဆောက်လုပ်လှူဒါန်းခဲ့သည်။သာသနာနှစ် ၂၅၀၀ ပြည့် အထိမ်းအမှတ်အဖြစ် စံကင်းဆရာတော်၊ညောင်ရမ်းဆရာတော်၊ခေမာသီဝံဆရာတော်နှင့် ဟံသာ၀တီဆရာတော်တို့က၁၉၅၆ ခုနှစ်တွင် ရတနာဗိမာန်တော်ကြီးကိုအုတ်မြစ်ချခဲ့ကြပြီး ၁၉၅၇ ခုနှစ် ဧပြီလ ၁၄ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ မဟာမုနိရုပ်ပွားတော်၏ သစ်သားတံကဲတော်ကိုလည်း ၁၉၃၂-၁၉၃၃ ခုနှစ်တွင်လှူဒါန်းခဲ့သည်။

 ၁၉၄၂ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ မဟာမုနိဘုရားကြီးအာရုံခံအုတ်တိုက်(ယခု ပြတိုက် ၁)ကို တည်ဆောက်ကာ ဦးဇောတိ က အမှူးပြုသောရဟန်းတော်အပါး ၃၀ ကျော်က ဘုရားကြီးပစ္စည်းများကိုစောင့်ရှောက်ခဲ့ကြသည်။မဟာမုနိတော်ရုပ်ပွားကို ပင့် ဆောင်ခဲ့သူ မဟာဥပရာဇာ၏ကြေးရုပ်ကို ၁၉၄၈ ခုနှစ်တွင် မဟာမုနိရင်ပြင်တော်၌တောင်ဘက်မုခ်နှင့်အရှေ့ဘက်မုခ်အကြားတွင် ထားရှိခဲ့သည်။ 

“အောင်ကျော်ချမ်းအေး၊မန္တလေး”ဟု အမှတ်အသားပြုခဲ့သည့် မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ်တွင် မင်းတုန်းမင်းကြီးတည် ထောင်ခဲ့သည့် ရတနာပုံမန္တလေးမြို့တည်နန်းတည် ရာပြည့်အထိမ်းအမှတ်အဖြစ် မြန်မာသက္ကရာဇ် ၁၃၂၁ ခုနှစ် ကဆုန်လဆုတ် ၇ ရက်(ခရစ်နှစ် ၁၉၅၉ ခုနှစ် မေလ ၂၈ ရက်) ကြာသပတေးနေ့တွင်ဘုရားကြီးရင်ပြင်အရှေ့မြောက်ထောင့်၌ ဗဟိုစင်ကိုတည်ဆောက် ခဲ့သည်။ အလေးချိန် ၃၂၆၄ ပိဿာရှိသည့် ငြိမ်းချမ်းသာယာကြေးစည်ကြီးကို မြန်မာသက္ကရာဇ် ၁၃၂၇ ခုနှစ် ပြာသိုလဆန်း ၉ ရက် (ခရစ်နှစ် ၁၉၆၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်) သောကြာနေ့တွင်လည်းကောင်း၊အလေးချိန် ၂၁၅၆ ပိဿရှိ ချမ်းအေးပြည်သာ ကြေး မောင်းကြီးကို ၁၉၇၂ ခုနှစ်တွင်လည်းကောင်းသွန်းလုပ်ခဲ့သည်။

  မဟာမုနိဘုရားပရဝုဏ်တွင် ထိန်းသိမ်းပြသထားသည့် ကြေးဖြင့်ပြုလုပ်ထားသောလူရုပ်နှစ်ရုပ်၊ခြင်္သေ့ရုပ်သုံးရုပ်နှင့်ဦး ခေါင်းသုံးလုံးပါရှိသည့် ဧရာ၀ဏ်ဆင်ရုပ်တစ်ရုပ်တို့သည် ဘုရင့်နောင်မင်းတရားကြီး ယိုးဒယားမှသိမ်းယူလာခဲ့သည့် အရုပ်များဖြစ် သည်။ဘုရင့်နောင်၏သားတော် နန္ဒဘုရင်လက်ထက်တွင် နန္ဒဘုရင်နှင့်တောင်ငူစားတို့စစ်ဖြစ်ခဲ့ရာ တောင်ငူစားကအနိုင်ရရှိခဲ့ပြီး နောက် မိမိဘက်မှကူညီတိုက်ခိုက်ပေးခဲ့သော ရခိုင်ဘုရင်ထံယင်းကြေးရုပ်ကြီးများအား လက်ဆောင်ပေးခဲ့သဖြင့်ရခိုင်သို့ရောက်ရှိ သွားခဲ့ကြောင်းမြန်မာ့စွယ်စုံကျမ်းတွင်ရေးသားထားသည်။

 ဘုရင့်နောင်ကျော်ထင်နော်ရထာသည် ယိုးဒယားကိုအောင်နိုင်ခဲ့ပြီး မြန်မာသက္ကရာဇ် ၉၂၆ ခုနှစ် နယုန်လဆန်း ၉ ရက် (ခရစ်နှစ် ၁၅၆၄ ခုနှစ် မေလ ၁၈ ရက်) ဗုဒ္ဓဟူးနေ့တွင် ပဲခူးသို့ပြန်လည်ရောက်ရှိခဲ့ကြောင်း တွင်းသင်းမဟာရာဇ၀င်သစ်၊ဒုတိယတွဲ တွင်ဖော်ပြထားသည်။ဘုရင့်နောင်မင်းတရားယိုးဒယားမှယူဆောင်ခဲ့သည့်ယင်းအရုပ်များသည် ဟံသာ၀တီပျက်ချိန်တွင်ရခိုင်သို့ ရောက်ရှိသွားခဲ့ပြီး ကုန်းဘောင်ခေတ်တွင်နေပြည်တော်အမရပူရသို့ရောက်ရှိခဲ့သည်။

 မဟာမုနိရုပ်ပွားတော်နှင့်အတူပါရှိခဲ့သည့် ကြေးရုပ် ၃၀ ကို မဟာမုနိဘုရား၀င်း အရှေ့တောက်ဘက်ရှိ ယင်းတောင်မြို့စား မိဖုရား သီရိသုစန္ဒာဒေဝီ ဆောက်လုပ်လှူဒါန်းခဲ့သည့် သိမ်တော်ကြီးတွင်ထားရှိခဲ့သည်။မူလက သိမ်နီကြီးခေါ် အာနန္ဒာဘုရားပြသာဒ် မဟာရာမ်အတွင်းထားရှိခဲ့ရာ ပြသာဒ်ပြိုကျခဲ့သဖြင့် အရုပ်များ ထိခိုက်ခဲ့သည်။

 ယင်းတို့သည်ကမ္ဘောဇပြည်၊ အန်ကာမြို့မှအရုပ်များဖြစ်ပြီး လူရုပ်နှစ်ခုသည် ယိုးဒယားမင်းပြသားဓိပတိနှင့်မိဖုရားတို့၏ အရုပ်များဟု ပြောစမှတ်ပြုကြကာ အချို့ကယိုးဒယားနတ်ရုပ်များဟုဆိုကြသည်။လက်ရှိ မြင်နေကြရသည့်အရုပ်များသည် အမျိုးသား ရုပ်များဖြစ်ကြပြီး ဘုရားဖူးလာရောက်ကြသူများက ထိုအရုပ်ကြီးများအားပွတ်သပ် နှိပ်နယ်ပေးလျှင် ကျန်းမာရေးကောင်းသည်ဟု ယုံကြည်ကာ ပွတ်သပ်ကြရာမှပွန်းတီးမှုများရှိလာသဖြင့် ယခုအခါမှန်ခန်းအတွင်း၌ထည့်သွင်းထိန်းသိမ်းပြသထားသည်။

 မဟာမုနိဟူသည့် ပါဠိစကားသည် မြန်မာဘာသာဖြင့် ကြီးမားသောဘုရားရှင်ဟုအဓိပ္ပာယ်ရသည်။မဟာမုနိသည်သမိုင်းနှင့် ဆက်နွယ်နေသည့် ဘာသာရေးဆိုင်ရာရှေးဟောင်းရုပ်ပွားတော်ကြီးတစ်ဆူဖြစ်သည်နှင့်အညီ ကြည်ညိုသဒ္ဓါပွားကြသည့် မြန်မာတိုင်း ရင်းသားများ၏ အစဉ်အဆက်ထိန်းသိမ်းမှုများကြောင့် ယနေ့တိုင်ဖူးတွေ့နေကြရပေသည်။

မဟာမုနိ ခေါင်းလောင်းတော်များ

 ရှေးအခါက မဟာမုနိရုပ်ရှင်တော်ရင်ပြင်အနောက်ဘက် တံတိုင်းတစ်လျောက်တွင် ခေါင်းလောင်းများအတန်းလိုက်ရှိခဲ့သော် လည်း ကြေးစည်ကြီးနှင့်နတ်ရုပ်များသွန်းလောင်းစဉ်က ခေါင်းလောင်းများကိုအရည်ကျိုခဲ့သဖြင့်သမိုင်းမှတ်တမ်းများဆုံးရှုံး ခဲ့ရပေ သည်။ယခုအချိန်တွင်မဟာမုနိရင်ပြင်တော်၌ခေါင်းလောင်း ၂၄ လုံးကျန်ရှိနေကာ ၁၈ လုံးတွင် ခေါင်းလောင်းစာများရေးထိုးထား သည်။ ခေါင်းလောင်းအများစုသည် ကြေးချိန်ပိဿာ ၁၀၀ မှ ၁၅၀ အတွင်း ရှိကြပြီးခေါင်းလောင်း ၁၂ လုံး၌ သွန်းလုပ်ခဲ့သည့်ခုနှစ်၊ သက္ကရာဇ်မှတ်တမ်းများပါရှိသည်။

မဟာမုနိခေါင်းလောင်းတော်များအနက် မြောက်ဘက်မုခ်ရင်ပြင်ရှိအိမ်ရှေ့မင်းဥပရာဇာခေါင်းလောင်းတော်နှင့် အရှေ့ဘက် မုခ် ရင်ပြင်ရှိ တစ်ပင်တိုင်ခေါင်းလောင်းတို့သည် အထူးထင်ရှားကြသည်။

 အိမ်ရှေ့မင်းခေါင်းလောင်းတော်ကို အိမ်ရှေ့မင်းဥပရာဇာသီဟသူရကသွန်းလုပ်ခဲ့ပြီး အိမ်ရှေ့မင်းကွယ်လွန်ပြီးနောက် ခရစ် နှစ် ၁၈၁၁ ခုနှစ်တွင် အိမ်ရှေ့မင်း၏မိဖုရားတစ်ပါးဖြစ်သော နန္ဒာဒေဝီက မဟာမုနိရုပ်ရှင်တော်မြတ်သို့လှူဒါန်းခဲ့သည်။ မင်းကွန်း ခေါင်းလောင်းတော်ကို ၁၈၁၀ ပြည့်နှစ်တွင် ချိတ်ဆွဲခဲ့သဖြင့် မဟာမုနိခေါင်းလောင်းတော်က မင်းကွန်းခေါင်းလောင်းအောက် တစ်နှစ် သာ နောက်ကျခဲ့သည်။

ခေါင်းလောင်းတော်၏ကွဲအက်နေသော အတွင်းအပြင်ကွဲကြောင်းများကိုဂဟေဖြင့်ဆက်ထားကာရေရှည်ကြံ့ခိုင်စေရန်ခေါင်း လောင်းကိုသံပြားများဖြင့် ရစ်သိုင်းထားသည်။ခေါင်းလောင်းတော်သည် ပိဿာ ၁၅၀၀ ကျော်လေးလံ၍ ခေါင်းလောင်း၀သည် ၆ ပေ နှင့် ၈ လက်မ ကျယ်၀န်းသည်။ လက်ရှိမြင်တွေ့နေရသည့် အနေအထားအရ ခေါင်းလောင်းတော်၏အနောက်ဘက်မျက်နှာ ခါး ဖောင်းရစ်အောက်၌ အလျား ၆ ပေ၊ အနံ ၁ ပေ ၄ လက်မအတွင်း ကမ္ဗည်းစာ ၁၇ ကြောင်းကိုရေးထိုးထားသည်။

ခေါင်းလောင်းစာတွင် ခေါင်းလောင်းတော်သွန်းလုပ်မှုမှတ်တမ်းနှင့်ဆုတောင်းများပါရှိပြီး ကုန်းဘောင်မင်းဆက်ကိုထူ ထောင် ခဲ့သည့် အလောင်းမင်းတရားဦးအောင်ဇေယျ၏ ဘွဲ့တော်ကို သာသနာဒါယကာလောကာဓိပတိဟုရေးထိုးထားကြောင်း တွေ့ရှိရ ပေသည်။ ယင်းခေါင်းလောင်းစာအပြည့်အစုံကို ဦးမောင်မောင်တင်ပြုစုသည့် မန္တလေးမဟာမုနိရုပ်ရှင်တော်ဘုရားကြီး သမိုင်းစာအုပ် တွင် ဖတ်ရှုနိုင်ကြသည်။

မဟာမုနိရင်ပြင်တော် အရှေ့မုခ်အနီးတွင် ထားရှိသည့် ခေါင်းလောင်းသည် အခြားခေါင်းလောင်းများကဲ့သို့ ထောက်တိုင် နှစ်ခုတွင် ချိတ်ဆွဲထားသည့် ခေါင်းလောင်းမဟုတ်ဘဲ တိုင်တစ်တိုင်တွင်စွပ်ထားသည့် တစ်ပင်တိုင်ခေါင်းလောင်းဖြစ်သည်။ ယင်း ခေါင်းလောင်းတွင် ကမ္ဗည်းစာ ကိုးကြောင်းပါရှိကာ သက္ကရာဇ် ၁၂၅၃ ခုနှစ် ပြာသိုလဆန်း ၁၁ ရက်၊ စနေနေ့တွင် ကြေးချိန်ပိဿာ ၆၀၀ ဖြင့်သွန်းလုပ်ကြောင်းရေးသားထားသည်။

တစ်ပင်တိုင်ခေါင်းလောင်းကို တောင်ပိုင်မြို့စီရင်စု၊ ရလင်မြို့သစ်ရွာ၌ သီတင်းသုံးသော ဆရာတော်ဦးစူဠရ၏ ကြီးကြပ် နှိုးဆော်မှုဖြင့် တောင်ပိုင်မြို့ဂိုဏ်းအုပ်၊ဂိုဏ်းထောက်၊စော်ဘွားမြို့စား အမတ်ဟိန်နှင့်ကုန်သည်ကြီးငယ်၊တကာတကာမများစုပေါင်း လှူဒါန်းသည့် အသပြာ ၁၅၀၀ ဖြင့် သွန်းလုပ်ကြောင်း ဖတ်ရှုရပေသည်။

 မဟာမုနိရင်ပြင်ပေါ်တွင်ရှိသည့် အိမ်ရှေ့မင်းဥပရာဇာခေါင်းလောင်းနှင့်တစ်ပင်တိုင်ခေါင်းလောင်း အပါအ၀င် ကြေးသွန်း ခေါင်းလောင်းများသည် သမိုင်းမှတ်တမ်းအထောက်အထားများပါရှိသည့် ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များဖြစ်ကြရာ ယင်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ထားခြင်းဖြင့် သမိုင်းအမွေအနှစ်ရုပ်၀တ္ထုပစ္စည်းများကို နှောင်းလူတို့ ကြည့်ရှု လေ့လာနိုင်ကြမည်ဖြစ်ပါ ပေသည်။

ကိုးကား

မြန်မာ့စွယ်စုံကျမ်း အတွဲ(၈)

မန္တလေး မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသမိုင်း(ဦးမောင်မောင်တင်)

ကုန်းဘောင်ခေတ် မြန်မာရက်စွဲသမိုင်း(ဦးတိက္ခဓမ္မာလင်္ကာရ၊ဒေါက်တာသန်းထွန်း)