ကယားနဲ့ ကချင်ပြည်နယ်မှာ NLD အများစုအနိုင်ရ

09-Nov-2020

ပြီးခဲ့တဲ့ အစိုးရသက်တမ်းမှာ အငြင်းပွားစရာတွေ စိန်ခေါ်မှုတွေ ကြုံခဲ့ရတဲ့ တိုင်းရင်းသား နယ်မြေတချို့မှာ ထောက်ခံမှုတွေ ကျဆင်းမယ်လို့ ခန့်မှန်းခဲ့ကြပေမဲ့ ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အသာရခဲ့တဲ့ အခြေအနေကို တင်ပြပေးပါမယ်။

ဗိုလ်ချုပ်ကြေးရုပ်တည်ဆောက်တာနဲ့ ဝန်ကြီးချုပ်ရဲ့ ဘဏ္ဍာငွေကြေးသုံးစွဲမှုကို ပြည်နယ်လွှတ်တော်မှာ မဲခွဲအရေးယူတာတွေအထိ ဖြစ်ခဲ့ရတဲ့ အခြေအနေတွေကြောင့် NLD ပါတီဟာ ကယားပြည်နယ်မှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ရွေးကောက်ပွဲမှာလည်း ဒေသခံ တိုင်းရင်းသားပါတီတွေရဲ့ ပြိုင်ဆိုင်မှုတွေ အားကောင်းလာတာကြောင့် NLD အနေနဲ့ အရင်လို နိုင်ဦးမလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ အခုနောက်ဆုံး မဲရလဒ်တွေအရ နေရာအများစုမှာ အနိုင်ရတာ တွေ့ရတယ်လို့ ရွေးကောက်ပွဲအခြေအနေတွေကို စောင့်ကြည့် လေ့လာနေတဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ကိုဗညားက ပြောပါတယ်။

“ကျနော်တို့ ဒီ ပြည်နယ်ရဲ့ ၃၄ နေရာ အကုန်လုံးပေါ့နော်။ ၃၄ နေရာမှာ NLD က အများဆုံးနဲ့ နေရာ ၂၀ ရတယ်။ ဒုတိယကတော့ KySDP က ၈ နေရာ၊ နောက်ပြီးတော့မှ USDP က ၆နေရာနဲ့ အနိုင်ရထားပါတယ်ဗျ။”

NLD ပါတီက လွိုင်ကော်၊ ဒီမောဆို၊ မယ်စဲ၊ ဖားဆောင်း မြို့နယ်၊ KySDP ခေါ် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ဖရူဆိုမြို့နယ် နဲ့ USDP ခေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဘော်လခဲမြို့နယ်က လွှတ်တော်နေရာအားလုံးမှာ အနိုင်ရကြပြီး ရှားတောမြို့နယ်မှာတော့ KySDP ၃ နေရာနဲ့ ပြည်ခိုင်ဖြိုးက ၁ နေရာ အနိုင်ရတာပါ။ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးနေရာကိုတော့ NLD က အနိုင်ရထားပါတယ်။

မဲရေတွက်မှုပြီးစီးသွားပေမဲ့ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ကတော့ ဒီကနေ့ ညနေပိုင်းအထိအတည်ပြုထုတ်ပြန်တာ မရှိသေးကြောင်းလည်း ပြောပါတယ်။

ဖရူဆိုမြို့နယ် ပြည်နယ် လွှတ်တော် အမှတ် ၂ က အနိုင်ရထားတဲ့ ဒေါ်အယ်ဗလင်းက ဒီမဲရေတွက်မှုရလဒ်ကို အတည်ပြုပြီး ဘာကြောင့် မထုတ်ပြန်သလဲဆိုတာ မသိရကြောင်း ပြောပါတယ်။

“ဒီနေ့ တစ်နာရီမှာ ထွက်မယ်လို့ ပြောပြီးမှပေါ့နော်။ ခုချိန်ထိ မထွက်နိုင်ဘူးပေါ့။ ဘယ်နေရာမှာများ ကြန့်ကြာနေလဲတော့ မပြောတတ်ဘူး။”

ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်က တာဝန်ရှိသူတစ်ဦးကတော့ မဲရလဒ်တွေကို မြို့နယ်အလိုက်စိစစ်နေဆဲဖြစ်တယ်လို့ VOA ကို အခုလို ပြောပါတယ်။

 “မြို့နယ်တွေမှာ စစ်နေပါတယ်။ မှားမှာစိုးလို့။ ပုံစံ ၁၉ တွေနဲ့ ၁၆ တွေကို တိုက်စစ်နေပါတယ်။ ကျနော်တို့ မြို့နယ်က သေချာပြီဆိုရင်တော့ ပြည်နယ်ကို ပို့မှာပေါ့။ ကျနော်တို့ သေချာမှန်အောင်စစ်ခိုင်းနေလို့ ကြန့်ကြာနေတာပါ။”

ကချင်ပြည်နယ်က ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Humanity Institute က ဦးဂျိုးဇက်ကတော့ ကချင်ပြည်နယ်အတွင်း မဲဆန္ဒနယ်အသီးသီးက မဲတွေကို ရေတွက်နေဆဲရှိကြောင်း၊ တချို့မြို့နယ်တွေကို ဆက်သွယ်လို့ မရသေးကြောင်း ပြောပါတယ်။

ကနဦးရရှိထားတဲ့ သတင်းတွေအရ ဒီကနေ့ မဲရေတွက်မှု အခြေအနေအပေါ် အခုလိုသုံးသပ် ပြောဆိုပါတယ်။

“နေရာ တော်တော်များများတော့ NLD ကနေ ဦးဆောင်နေတယ်လို့၊ ဒီ ပြည်သူ့မှာရော၊ အမျိုးသားမှာရော၊ ပြည်နယ်မှာရော ၃ ခုစလုံးမှာ NLD ကနေ သိသိသာသာကြီး ဦးဆောင်နေတဲ့အနေအထားမျိုးတော့ တွေ့ရတယ်ပေါ့နော်။”

အခြားဦးဆောင်နေတဲ့ ပါတီတွေကတော့ KSPP ခေါ် ကချင်ပြည်နယ် ပြည်သူ့ ပါတီနဲ့ USDP တို့ ဖြစ်ကြောင်း ပြောပါတယ်။

ရှမ်းပြည်နယ်က နေရာအများစုမှာတော့ SNLD ခေါ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးဆောင်နေကြောင်း ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းရဲ့ ဒါရိုက်တာ၊ ကွန်ဟိန်းမြို့နယ်က အငြိမ်းစား ပြည်သူ့လွှတ်တော်ကိုယ်စား ဒေါ်နန်းဝါနုက ပြောပါတယ်။

“အခုလောလောဆယ် ကျမတို့ ဒေသ ဒီ လွယ်လင်ခရိုင်နဲ့ လင်းခေးခရိုင် တို့ပေါ့နော်။ ဒီ ကျေးသီးတို့၊ မိုင်းရှုးတို့၊ လဲချား၊ နောက်ပြီးရင် ခိုလန်ဘက်၊ ကွန်ဟိန်း၊ မိုးနဲ၊ လင်းခေး အဲဒါကတော့ ဒီ SNLD ကျားခေါင်းတွေ နိုင်နေတဲ့ဟာကိုတော့ သတင်းကြားရတယ်ပေါ့နော်။”

လွယ်လင်မြို့နယ်မှာ USDP က ဦးဆောင်နေပြီး ရှမ်းမြောက်ဒေသ သီပေါ၊ ကျောက်မဲ၊ နမ္မတူ ၊ မူဆယ်ဘက်မှာ SNLD ကျားခေါင်းပါတီ၊ လားရှိုးမှာ NLD၊ ရှမ်းအရှေ့ပိုင်းမှာတော့ NLD နဲ့ USDP တို့က နေရာအချို့မှာ ဦးဆောင်နေကြောင်း ပြောပါတယ်။

လောလောဆယ်မှာတော့ တစ်နိုင်ငံလုံးမဲရလဒ်တွေကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်တွေက ရေတွက်နေဆဲဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကတော့ နေ့ခင်း ၁၂ နာရီ၊ ညနေ ၄ နာရီနဲ့ ည ၈ နာရီအချိန်တွေမှာ မဲရလဒ်တွေက တစ်နေ့ သုံးကြိမ်ကြေညာမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

Crd VOA News

မွန်နဲ့ ချင်းပြည်နယ်ရွေးကောက်ပွဲရလဒ်များ

မော်လမြိုင်က မဲဆန္ဒနယ် ငါးနေရာလုံး NLD ပြန်နိုင်

လသာမြို့နယ် မဲဆန္ဒနယ်သုံးခုမှာ NLD မဲအပြတ်အသတ် အနိုင်ရ