မြန်မာအမျိုးသမီးကို မုဒိန်းမှုကျူးလွန်တဲ့ ထိုင်းရဲအရာရှိ ရာထူးကရပ်ဆိုင်းပြီး တရားစွဲခံရ

18-Jan-2021

ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါး သံသယမှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာအမျိုးသမီးတစ်ဦးကို  လိင်အကြမ်းဖက်မှု ကျူးလွန်ခဲ့တဲ့အတွက် ထိုင်းရဲအရာရှိတစ်ဦးကို တာဝန်က ရပ်ဆိုင်းလိုက်ပြီး အမှုလေးခုနဲ့ တရားစွဲ ထားပါတယ်။ 

ထိုင်းတောင်ပိုင်း ကော့စမွေခရိုင် ဘိုဖတ်ရဲစခန်းမှာ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာအမျိုးသမီး အဓမ္မပြုကျင့်ခံရတာနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မြန်မာသံရုံးက ဇန်နဝါရီလ ၁၆ ရက်နေ့မှာ သွားရောက် စစ်ဆေးခဲ့ပါတယ်။

ကော့စမွေကျွန်းက ဘူဖတ် ရဲစခန်းမှာ အချုပ်ကျနေတဲ့ အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသမီးကို ဇန်နဝါရီလ ၁၃ ရက်နေ့ ညသန်းခေါင်ယံချိန်မှာ အချုပ်ခန်းအပြင်ကို ခေါ်ထုတ်ပြီး အဓမ္မပြုကျင့်ခဲ့တဲ့ ထိုင်းရဲ အရာရှိတစ်ဦးကို တရားစွဲဆိုထားမှုနဲ့ ပတ်သက်လို့ သွားရောက် စစ်ဆေးတာပါ။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးရဲ့ ညွှန်ကြားချက်နဲ့ သံအရာရှိ ဦးထက်ဝေဖြိုး၊ ဥပဒေအကြံပေး ရှေ့နေ ဦးအောင်မျိုးသန့်တို့က အမှုကို ကွင်းဆင်းလေ့လာခဲ့တာဖြစ်ပါတယ်။

ဘိုဖတ်ရဲစခန်းမှာ ရဲအရာရှိတွေ၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့သလို၊ အဓမ္မပြုကျင့်ခံရတဲ့ မြန်မာ အမျိုးသမီးနဲ့ မျက်မြင်သက်သေ သုံးဦးကိုလည်း စစ်ဆေးမေးမြန်းနိုင်ခဲ့တယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။ လတ်တလော မြန်မာအမျိုးသမီးကို ဘိုဖတ်ရဲစခန်း အချုပ်မှာဘဲ ထိန်းသိမ်းထားပြီး လာမယ့် ဇန်နဝါရီလ ၁၉ ရက် တနင်္လာနေ့၊ ကော့စမွေတရားရုံးမှာ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးရဲ့ ထွက်ချက်ယူမှာ ဖြစ်ပါတယ်။ အဲဒီနောက် အမျိုးသမီးနေထိုင်ဖို့ နေရာလည်း စီစဉ်ပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ပြစ်မှု ကျူးလွန်သူ ရဲအရာရှိကို မုဒိန်းမှု၊ တာဝန်လစ်ဟင်းမှု၊ အချုပ်သားလွတ်မြောက်ဖို့နဲ့ ကိုယ်တာဝန်မကျေပွန် လေးမှု နဲ့ တရားစွဲ ဆိုထားတယ်လို့ သူက ဆိုပါတယ်။

“သံအမတ်ကြီးရဲ့ ညွှန်ကြားမှုနဲ့ မိမိနိုင်ငံသားအတွက် ဒီအမှုဖြစ်တဲ့အကြောင်းအရင်းကို သွားပြီးတော့ ကွင်းဆင်း လေ့လာတာပါ။ တစ်အချက် အမှုတွဲ နေ့စဉ်မှတ်တမ်းတွေ ယူမယ်ဆိုရင် အဲဒါတွေလိုပါတယ်။ အဲဒီလိုတွေ့မှ အဓမ္မပြုကျင့်ခံရတဲ့ မြန်မာအမျိုးသမီးဟာ မူးယစ်ဆေးဝါး သံသယနဲ့ ပြစ်ဒဏ် နှစ်နှစ်နဲ့  ကိုးလကျခံပြီး သူ့ကို မြန်မာပြည် ပြန်ပို့ဖို့ စီစဉ်နေချိန်မှာ ခုလိုအဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တာပါ။ သူဟာ လက်ရှိမှာ အချုပ်ခန်းထဲမှာဘဲ ရှိနေတုန်းဖြစ်တယ်”

 AAC မဟာမိတ်အဖွဲ့ အထွေထွေတာဝန်ခံ ဦးရဲမင်းက ပြောပြသွားတာပါ။

ပြစ်မှုကျူးလွန်သူ ရဲအရာရှိဟာ ဘိုဖတ်ရဲစခန်းမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်ဖြစ်ပြီး သူ့ကို မဒိန်းမှုဖြင့် တရားစွဲဆိုထားပြီး ကော့စမွေခရိုင် တရားရုံးမှာ ထိန်းသိမ်းခံထားရပြီး ကျူးလွန်ခံရတဲ့ မြန်မာအမျိုးသမီးကို ကော့စမွေဆေးရုံမှာ ဆေးစစ်ချက်တွေ ယူနေတယ်လို့ သိရပါတယ်။

အဲဒီထိုင်းရဲအရာရှိကတော့ ဘတ် လေးသိန်းနဲ့ အာမခံနဲ့ လွတ်မြောက်နေတာဖြစ်လို့ မြန်မာသံရုံးအနေနဲ့ အမှုမှန်ပေါ်ပေါက်ဖို့ ဖိဖိစီးစီး ဆောင်ရွက်နေလိုတယ်လို့ ဦးရဲမင်းက ပြောပါတယ်။

မြန်မာအမျိုးသမီးရဲ့ ဆွေမျိုးတွေက ဘန်ကောက်မြို့ မြန်မာသံရုံးကို အကြောင်း ကြားခဲ့တာဖြစ်ပြီး အမှုနဲ့ ပတ်သက်လို့ ပြစ်မှုကျူးလွန်သူကို ဥပဒေအရ အရေးယူပေးဖို့ ကူညီပေးသွားမှာ ဖြစ်တယ်လို့ ရှေ့နေ ဦးအောင် မျိုးသန့်က ပြောပါတယ်။

“သံအမတ်ကြီး စိတ်မကောင်းဖြစ်တာက ထိုင်းနိုင်ငံ တာဝန်ရှိသူ အာဏာပိုင်တွေရဲ့ ထိန်းသိမ်းမှုအောက်မှာ ရှိနေပါလျက် အန်ကယ်တို့နိုင်ငံသားကို အခုလို လူပုံအလည်မှာ မျက်နှာမပေါ်ဝံ့အောင် စော်ကားခံရတာ ဖြစ်တယ်လို့  စိတ်မကောင်းဖြစ်တယ်လို့ ပြောပါတယ်။ နောက်တစ်ချက်က စော်ကားသူဟာ ဥပဒေ နားလည်ပြီးတော့ ပြည်သူကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်သော်လည်း အခုလို မိမိနိုင်ငံသားအပေါ် စော်ကားမှု ပြုခြင်းသည် ယခုလည်း မဖြစ်သင့်၊ နောက်လည်း မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့အရာ ဖြစ်တယ်။ ထိုင်းဘုရင်မင်းမြတ်နှင့် ထိုင်းနိုင်ငံမှာ အားကိုးနေထိုင်ရသူများကို အထူးပင် စောင့်ရှောက် ပေးစေလိုတဲ့ အကြောင်း ပြောလိုက်ပါတယ်၊ နံပါတ်သုံး အချက်က လူများအလည်မှာ ခေါင်းမဖော်ဝံ့အောင် အရှက် ခွဲစေလို့ မိမိနိုင်ငံသားနစ်နာမှုအတွက် အလေးအနက်ထားပြီးတော့ နောက်တစ်ခါ အဲဒီပြစ်မှုကျူးလွန်သူနဲ့ ပြစ်မှုကျူးလွန်လို့ရအောင် အခွင့်အရေးပေးတဲ့ သူတွေကို လည်း ထိုက်တန်တဲ့ပြစ်ဒဏ် ချမှတ်ပေးရန် ဆိုပြီးတော့ အဲဒီသုံးချက်ကို မှာကြားလိုက်ပါတယ်”

ထိုင်းနိုင်ငံမှာ အခုလို ပြစ်မှုမျိုးတွေ အများအပြားရှိပေမယ့် အရေးယူနိုင်တာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ အခုအမှုမှာ စီစီတီဗီ အရရော မျက်မြင်သက်သေအရပါ တရားခံဟာ ပြစ်မှုကျူးလွန်ကြောင်း ပေါ်လွင်နေလို့ ကျူးလွန်သူကို အရေးယူ ထားနိုင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မူးယစ်ဆေးသံသယဖြင့် ဖမ်းဆီးခံထားရတဲ့ မြန်မာအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှုနဲ့ ထိုင်းရဲတပ်ဖွဲ့က အကြီးတန်း အရာရှိတစ်ဦးကို ရာထူးမှရပ်ဆိုင်းလိုက်ပြီး တရားစွဲဆိုထားတယ်လို့ The Nationသတင်းတွေမှာ ဇနန်ဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ဘိုဖတ် ရဲချုပ်ကိုယ်တိုင် ခုနစ်ရက်အတွင်း စုံစမ်းစစ်ဆေးမှု အပြီးသတ် လုပ်ဆောင်ဖို့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

RFA Burmese