မွန်နဲ့ ချင်းပြည်နယ်ရွေးကောက်ပွဲရလဒ်များ

09-Nov-2020

မနေ့က ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲက ကနဦး မဲရလဒ်တွေအရ တိုင်းရင်းသား ဒေသတချို့မှာ လက်ရှိအာဏာရ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အသာရနေပေမဲ့ တချို့နေရာတွေမှာတော့ ဒေသခံတိုင်းရင်းသားပါတီတွေလည်း နေရာရလာနေတဲ့အကြောင်း ပြောပြပါမယ်။

ဒီနှစ်ရွေးကောက်ပွဲမှာ မွန်နိုင်ငံရေးပါတီတွေ စုပေါင်းပြီး ဖွဲ့စည်းထားတဲ့ မွန်ညီညွှတ်ရေးပါတီက စုစုပေါင်း ကိုယ်စားလှယ်လောင်း ၃၅ ယောက် ယှဉ်ပြိုင်ခဲ့ရာမှာ ၁၁ ယောက် အနိုင်ရခဲ့ကြောင်း ပါတီတွဲဘက်အတွင်းရေးမှူး ၂ နိုင်စံတင်က VOA ကို ပြောပါတယ်။

“ကျနော်တို့ မွန်ပြည်နယ်မှာ ၃၅ ယောက်ဝင်ပြိုင်တယ်ပေါ့နော်.. လွှတ်တော်ကိုယ်စားလှယ်ပေါ့နော်။ အဲ့ဒီမှာ ကျနော်တို့ ရေးမြို့နယ်မှာ ၅ နေရာစလုံး နိုင်တယ်ပေါ့နော်။ သံံဖြူဇရပ်မှာကျတော့ ပြည်နယ်လွှတ်တော် အမှတ် ၂ မှာပဲနိုင်တယ်။ မုဒုံမှာကျတော့ ကျနော်တို့ ပြည်သူ့လွှတ်တော်ရယ်၊ အမျိုးသားလွှတ်တော်ရယ်၊ ပြည်နယ်လွှတ်တော် အမှတ် ၂ ရယ် ၃ နေရာနိုင်တယ်။ ကျိုက်မရောမှာကျတော့ ကျနော်တို့ ပြည်နယ်လွှတ်တော် အမှတ် ၂ မှာ နိုင်တယ်။ တစ်နေရာလောက်ပဲ နောက်ပြီးတော့ ချောင်းဆုံမှာ ပြည်နယ်လွှတ်တော်အမှတ် ၂ မှာ နိုင်တယ်။ အဲ့ဒီမှာ အားလုံးပေါင်း ၁၁ ယောက်ပဲ ကျနော်တို့ နိုင်တယ်။ လောလောဆယ်တော့ ဒီလိုပေါ့ဗျာ ပြည်သူလူထုရဲ့ အားပေးမှုရယ်၊ ပါတီကလည်း ပေါင်းစည်းထားတဲ့ တစ်ပါတီရဲ့ အင်အားကြောင့် ဒီလောက်နိုင်တယ်ပေါ့နော်။ ဒါပေမဲ့ အားမရဘူးပေါ့ဗျာ... လောလောဆယ်ပါတီကြီးနဲ့ ပြိုင်ရတဲ့အခါကျတော့ ဒီလောက်နိုင်တာ ကျနော်တို့ ကျေနပ်ရတာပေါ့။”

မွန်ပြည်နယ်ရဲ့ ရွေးကောက်ပွဲ မဲရလဒ်တွေကိုတော့ စိစစ်ဆဲဖြစ်တာကြောင့် အတည်မပြုနိုင်သေးဘူးလို့ မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူ တစ်ဦးက ဗွီအိုအေကိုပြောပါတယ်။

“ဟုတ်ကဲ့။ ရွေးကောက်ပွဲရလဒ် ညီမတို့ဆီ မြို့နယ်တွေ မစုံသေးလို့ပါရှင်။ တက်လာတာက မုဒုံ၊ ချောင်းဆုံ၊ မော်လမြိုင်၊ ကျိုက်မရော အဲ့ဒါတွေကျတော့ ညီမတို့ အောက်မှာ စာရင်းပေါင်းတုန်းရှင့်... မရသေးဘူး။ အခုမှ တက်လာကြတယ်ဆိုတော့ ရလဒ်တော့ မထွက်လာသေးလို့ရှင့်နော်။ အခုမှ အောက်မှာ လုပ်နေကြတုန်းမလို့ပါရှင်နော်။ မြို့နယ်တွေ ပြီးရင်တော့ ထွက်ပေးမှာပေါ့နော်။ မြို့နယ်တွေကလည်း အခုချိန်ထိတက်မလာကြသေးလို့ ပြီးတာနဲ့ တန်းထုတ်ပေးမှာပါရှင်။”

မော်လမြိုင်ခရိုင် ၆ မြို့နယ်ဖြစ်တဲ့ မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ ရေး မြို့နယ်တို့ရဲ့ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး မော်လမြိုင်ခရိုင်ကော်မရှင် အတွင်းရေးမှူး ဦးထင်ကျော်က VOA ကို အတည်ပြု ပြောပါတယ်။

“အားလုံးဆိုရင် မော်လမြိုင်ခရိုင်မှာ မဲဆန္ဒနယ် ၂၆ နေရာရှိတာပေါ့။ ပြည်သူ့လွှတ်တော်က ၆ နေရာ၊ အမျိုးသားလွှတ်တော်က ၈ နေရာ၊ ပြည်နယ်လွှတ်တော်က ၁၂ နေရာ၊ အားလုံး ၂၆ နေရာပေါ့။ ၂၆ နေရာမှာ အဲ့မှာ အနိုင်ရတာ NLD ပါတီက ၁၅ နေရာနိုင်တယ်။ မွန်ညီညွှတ်ရေးပါတီက ၁၁ နေရာနိုင်တယ်။”

မွန်ပြည်နယ်မှာဆိုရင် လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ်မြေ ၄၅ နေရာ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး မဲပေးခွင့်ရှိသူကတော့ ၁၈ သိန်းကျော်ရှိတယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။ နိုင်ငံရေးပါတီပေါင်း ၁၆ ပါတီနဲ့ တသီးပုဂ္ဂလအပါအဝင်း ကိုယ်စားလှယ်လောင်း ၂၅၀ ကျော်က ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ပါတီပေါင်း ၁၁ ခုနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၁၇၀ ကျော်က ကိုယ်စားလှယ်လောင်းတွေ ယှဉ်ပြိုင်ခဲ့ကြတဲ့ ချင်းပြည်နယ်မှာလည်း NLD ပါတီက နေရာအများစုမှာ အနိုင်ရခဲ့တယ်လို့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော်က VOA ကို အတည်ပြုပြောပါတယ်။

“ကျနော်တို့ဆီမှာတော့ ဟားခါးမြို့နယ်နဲ့ မင်းတပ်မြို့နယ်ပေါ့... နှစ်မြို့နယ်ရဲ့ မဲဆန္ဒနယ်တွေတော့ ပုံစံ (၁၉) တွေတော့ ရောက်ပါပြီဗျ။ ဟားခါးမှာတော့ မဲဆန္ဒနယ် ၅ နယ်မှာတော့ ကျနော်တို့ ၄ နေရာတော့ NLD ပါဗျ။ နောက်တစ်နယ်ကတော့ CNLD ပါ။ မင်းတပ်မှာတော့ ၄ နယ်လုံး NLD ပါဗျ။ ဟုတ်ပါတယ်ဗျာ။ မဲဆန္ဒနယ် ၄ နေရာလုံးကို ပြောတာပါ။ မဲရုံက လာတဲ့ ပုံစံ (၁၆) တွေနဲ့ စိစစ်နေတုန်းပေါ့။”

ကျန်တဲ့ မြို့နယ်တွေရလဒ်ကိုတော့ စိစစ်ဆဲဖြစ်တယ်လို့လည်း ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော်က ပြောပါတယ်။

နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်နဲ့ တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ရွေးကောက်ပွဲမှာတော့ မဲမသမာမှုနဲ့ အခက်အခဲတချို့ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့လည်း ပြဿနာတစုံတရာ ကြီးကြီးမားမား မရှိဘဲ အဆုံးသတ်ခဲ့ပါတယ်။

Crd VOA News

ကယားနဲ့ ကချင်ပြည်နယ်မှာ NLD အများစုအနိုင်ရ

မော်လမြိုင်က မဲဆန္ဒနယ် ငါးနေရာလုံး NLD ပြန်နိုင်

လသာမြို့နယ် မဲဆန္ဒနယ်သုံးခုမှာ NLD မဲအပြတ်အသတ် အနိုင်ရ