ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် တပ်ဖွဲ့ဝင် ၂၅၀၀၀ ဖြင့် လုံခြုံရေးဆောင်ရွက်ပေးရန် ပင်တဂွန် သဘောတူ

17-Jan-2021

ဝါရှင်တန်  ဇန်နဝါရီ   ၁၆

လာမည့် သီတင်းပတ်တွင်ပြုလုပ်မည့်    ရွေးကောက်ခံသမ္မတ  ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာကျိန်ဆိုပွဲအတွင်း ဝါရှင်တန်  ဒီစီ မြို့တော်၌  တပ်ဖွဲ့ဝင် ၂၅၀၀၀ ဖြင့်  လုံခြုံရေးဆောင်ရွက် ပေးမည်ဟု   အမေရိကန်   ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ 

သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ       အခမ်းအနား၌ အမေရိကန်ထောက်လှမ်းရေးတပ်ဖွဲ့      ဦးဆောင်သော  တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ကြိုတင်ပြင်ဆင် မှုများကို ပံ့ပိုးကူညီရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၅၀၀၀  စေလွှတ်ရန်  ကာကွယ်ရေးဝန်ကြီးဌာနက  သဘောတူခဲ့ သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ လက်ရှိတွင် ဝါရှင်တန် ဒီစီမြို့တော်၌ အမေရိကန် အမျိုးသားအစောင့်တပ်ဖွဲ့ဝင်  ၇၀၀၀ ရှိနေပြီဖြစ်သည်။

ရွေးကောက်ခံသမ္မတ    ဂျိုးဘိုင်ဒင်   ကျမ်းသစ္စာ ကျိန်ဆိုပွဲနှင့်ပတ်သက်၍ ဝါရှင်တန်ဒီစီနှင့် အခြားပြည်နယ်  မြို့တော်များ၌ ဆန္ဒပြပွဲများပြုလုပ်ရန် အွန်လိုင်းလှုပ်ရှားမှု တွေ့ကြုံခဲ့ရပြီး    အမေရိကန်ရွေးကောက်ပွဲ   အောင်ပွဲကို သမ္မတဒေါ်နယ်ထရမ့်ထံမှ ခိုးယူခံခဲ့ရသည်ဟု ဆန္ဒပြမည့် သူများက  ပြောဆိုနေကြောင်း   အက်ဖ်ဘီအိုင်က သတိ ပေးခဲ့သည်။ သမ္မတ  ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို  အမေရိကန်လွှတ်တော်အဆောက်အအုံ     အရှေ့ဘက်ရှိ စတိတ်စင်တစ်ခု၌ ကျင်းပမည်ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဇန်နဝါရီ  ၂၀ ရက် တွင်ကျင်းပမည့်   သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ    အခမ်း အနား၌   ယခင်ကထက်   တက်ရောက်သူနည်းပါးမည်ဟု အာဏာပိုင်များက မျှော်မှန်းသည်။ ဇန်နဝါရီ  ၆   ရက်တွင် ဒေါ်နယ်ထရမ့်ကို ထောက်ခံသူများက  သမ္မတရွေးကောက်ပွဲ ရလဒ်များကို ကွန်ဂရက်က အတည်မပြုနိုင်စေရန်   အောက်  လွှတ်တော်အဆောက်အအုံကို စီးနင်းသိမ်းပိုက်ခဲ့သည်။

ဆူပူအုံကြွမှုများနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှု ကြောင့် လူငါးဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၇၀ ခန့် ဒဏ်ရာ ရရှိခဲ့သည်။    

   ကိုးကား- ဘနားမား
ဘာသာပြန်- ကျော်ထိုက်စိုး