ကန်ကြီးထောင့် USDP ပါတီက ရွေးကောက်ပွဲအမှု ၁၆ မှု တိုင်ကြားထား

07-Dec-2020

ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးခွဲက ရွေးကောက်ပွဲနဲ့ ဆက်စပ်တဲ့ အမှုပေါင်း ၁၆ မှု တိုင်ကြားထားပါတယ်။

ဒီလိုတိုင်ကြားထားတဲ့အကြောင်းကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကန်ကြီးထောင့်မြို့မှာ ဒီဇင်ဘာလ ၆ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲလုပ်ခဲ့တာပါ။

“ကန်ကြီးထောင့်မြို့နယ်အနေနဲ့ ရဲစခန်းကို တိုင်ကြားတဲ့အမှုက နှစ်မှု ရှိပြီးတော့ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်ကို တိုင်ကြားခဲ့တဲ့ အမှုက ၁၄ မှု ရှိပါတယ်။ ဒါကလည်းပဲ ကျနော်တို့ဟာ နေရာတိုင်းမှာ အဆိုးမြင်အနေနဲ့ ကန့်ကွက်တဲ့အနေနဲ့ ဆန့်ကျင်တဲ့အနေနဲ့ တိုင်ကြားခြင်း မဟုတ်ပါကြောင်း၊ ကျနော်တို့ ဦးတည်ချက်ကတော့ တရားမဲ့ပြုကျင့်မှုတွေကို ဖော်ထုတ်ခြင်းနဲ့ နောင်များမှာ မှန်မှန်ကန်ကန် တရားမျှမျှတတနဲ့ ဆောင်ရွက်စေချင်တဲ့ စိတ်ရင်းဖြစ်ပါကြောင်း ဆွေးနွေးတင်ပြချင်ပါတယ်။”

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ တိုင်ကြားချက်တွေက ယေဘူယျဆန်တဲ့အချက်တွေ ပါဝင်နေတယ်လို့ ကန်ကြီးထောင့်မြို့နယ် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံမင်းက ပြောပါတယ်။

“ကျနော်တို့တွေက လေ့လာကြည့်လိုက်တဲ့အခါကျတော့ တိုင်ကြားတဲ့ အချက်တွေက အဲဒီတုန်းက ၁၄ ချက် မှာ တော်တော်များများဟာ ယေဘူယျ ဆန်တဲ့အချက်တွေ ပါဝင်နေတာဖြစ်ပါတယ်။ သူတို့ ကိုယ်တိုင်က မသိဘဲနဲ့ တစ်ဆင့်သူတို့ရဲ့ ကိုယ်စားလှယ်များကနေပြီးတော့ ဟိုနေရာမှာ ဘယ်လိုဖြစ်တယ်ဆို အဲဒီဖြစ်ရပ် တစ်ခုကို သူတို့က ခေါင်းဆောင်တွေကို ပြန်ပြောပြတဲ့အတွက် ခေါင်းဆောင်တွေက ဒီအချက်အလက်တွေကို မှတ်သားပြီးတော့ လာပြီးတော့ ကော်မရှင်အဖွဲ့ခွဲမှာ လာတိုင်တာဖြစ်ပါတယ်။”

သူတို့တိုင်ကြားချက်တွေကို မြို့နယ် စေ့စပ်ညှိနှိုင်းရေးကော်မတီနဲ့ ခေါ်ယူတွေ့ဆုံမေးမြန်းထားပြီးပြီ လို့လည်း ကန်ကြီးထောင့်မြို့နယ် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက ပြောပါတယ်။

ကန်ကြီးထောင့်မြို့နယ် ကော်မရှင်ရဲ့ မဲပေးပိုင်ခွင့်ရှိသူစာရင်းမှာ မှတ်ပုံတင်မရှိတဲ့သူ က ၂၂၆၇၄ဦး ပါဝင်နေတယ်လို့လည်း မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။

မြို့နယ်ကော်မရှင်ကပေးတဲ့ မဲပေးပိုင်ခွင့်ရှိသူ စာရင်းထဲကနေ စိစစ်တွေ့ရှိတာလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဒေါ်ခင်စောမူက ပြောပါတယ်။

“အဲဒါကတော့ ကော်မရှင်ကနေပေးတဲ့ မဲပေးခွင့်ရှိတဲ့သူ စာရင်းကို၊ စီဒီခွေ နဲ့ ပေးထားတာကို အဲဒီထဲက မှတ်ပုံတင်မပါတဲ့ စာရင်းတွေကို ကျွန်မတို့ ဆွဲထုတ်ထားတာ။”

မှတ်ပုံတင်မရှိပေမယ့် မဲပေးခွင့်ကတ်ပြားရှိတဲ့သူတွေ သူတို့အခွင့်အရေး မဆုံးရှုံးအောင် ဆောင်ရွက်ပေးခဲ့တာလို့ ကန်ကြီးထောင့်မြို့နယ် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံမင်းက ပြောပါတယ်။

“မှတ်ပုံတင်ကတော့ မရှိတဲ့ သူတွေမှာလည်း မရှိတာ ရှိတယ်။ မှတ်ပုံတင်နဲ့ လာရောက်မဲပေးရတာ မဟုတ်တဲ့အတွက် Voter Slip ဖြစ်တဲ့ မဲပေးပိုင်ခွင့် ကတ်ပြားလေးတွေ ကျနော်တို့ ထုတ်ပေးထားတာရှိပါတယ်။ အဲဒါလေးတွေ ပြပြီးတော့ မဲစာရင်းအမှတ်စဉ်၊ သူ့ရဲ့ မွေးသက္ကရာဇ်၊ ၁၈ နှစ်ပြည့်ပြီးရင် သူ့မှာ မဲပေးပိုင်ခွင့်ရှိတဲ့ အခွင့်အရေးက မဲပေးလို့ ရပါတယ်။”

ကန်ကြီးထောင့်မြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ ၁၃၅၇၅၇ ရှိပြီး ၁၀၉၃၅၂ ဦး မဲပေးခဲ့ကြပါတယ်။ အဲဒီထဲက ခိုင်လုံမဲ ၁၀၅၆၉၁ မဲ ရရှိခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ရဲ့ မှတ်တမ်းအရ သိရပါတယ်။

ကန်ကြီးထောင့်မြို့နယ်မှာ NLD ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကို ဆန္ဒမဲ ၂၂၈၁၈ အသာ၊ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ် ၁ နေရာကို ဆန္ဒမဲ ၁၄၆၃၄ အသာ၊ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ နေရာကို ဆန္ဒမဲ ၉၉၀၅ အသာနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

RFA Burmese

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။