ကူးစက်ရောဂါ ထိန်းချုပ်စနစ် ခေတ်မီရေး တရုတ်အကူအညီ မြန်မာရယူမည်

11-Jan-2021

COIVD-19 ကူးစက်မှုနှုန်း မြင့်မားနေတဲ့ မြန်မာနိုင်ငံမှာ အစိုးရရဲ့ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးဌာန (CDC) အတွက် နိုင်ငံတကာအဆင့်မီ သုတေသနဌာနကို တရုတ်နိုင်ငံရဲ့ ကူညီထောက်ပံ့မှုအပြည့်နဲ့ စတင်တည်ဆောက်တော့မှာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၀ ရက် တနင်္ဂနွေနေ့က နေပြည်တော်မှာ သုတေသနဌာန အဆောက်အဦ တည်ဆောက်မယ့်နေရာ အခမ်းအနားဖွင့်ပွဲကို တက်ရောက်လာတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Chen Hai က တရုတ်နိုင်ငံက ကူညီထောက်ပံ့ရတဲ့ အကြောင်းအရင်းတွေကို ပြောကြားရာမှာ တရုတ်သမ္မတ Xi Jinping ချမှတ်ထားတဲ့ “Belt and Road” ပိုးလမ်းမ စီမံကိန်းမှာ ပြည်သူလူထု ကျန်းမာရေးကို စောင့်ရှောက်ပေးတဲ့ ကျန်းမာရေးလမ်းကြောင်းလည်း ပါဝင်ပြီး တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍနဲ့ ပူးပေါင်းဆောင်ရွက်မှုကို များစွာ အလေးထားတယ်ဆိုတာ ပြသလိုတဲ့အတွက် ဖြစ်တယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒီအဆောက်အဦနေရာ သတ်မှတ်တဲ့ အခမ်းအနားကို ဒီကနေ့ တနင်္လာနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာမယ့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ခရီးစဉ်မတိုင်ခင် ကျင်းပခဲ့တာဖြစ်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေး ကိုယ်တိုင် တက်ရောက် အမှာစကား ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာနအတွက် သုတေသနလုပ်ငန်းတွေ နိုင်ငံတကာအဆင့်မီ ဆောင်ရွက်နိုင်ရေး ၂၀၁၇ ခုနှစ် သမ္မတ ဦးထင်ကျော် လက်ထက်ကတည်းက တရုတ်နိုင်ငံရဲ့ ပံ့ပိုးကူညီမယ့်အပိုင်းကို မူအားဖြင့် သဘောတူခဲ့ပြီး ၂၀၁၈ ခုနှစ် ဇွန်လမှာ စီမံကိန်းအတွက် ကူညီပေးရေးဆိုင်ရာ စာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးနောက် အခုလို အကောင်အထည်ဖော်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ တနင်္ဂနွေနေ့ထိ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူစုစုပေါင်း ၁၃၀,၆၀၄ ယောက်၊ သေဆုံးသူစုစုပေါင်း ၂,၈၄၆ ယောက်ရှိပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့မတ်လကနေ အခုထိ ဓာတ်ခွဲနမူနာပေါင်း ၁.၉ သန်းကျော် စစ်ဆေးပြီးခဲ့ပြီဖြစ်ပြီး မနေ့က စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်းက ၁၇,၃၄၃ ခု ရှိပါတယ်။ အတည်ပြုလူနာတွေထဲ ပြန်ပြီးကျန်းမာလာသူပေါင်းက ၁၁၄,၀၄၉ ယောက်ရှိပါတယ်။

VOA News