ကိုဗစ်ကာကွယ်ဆေး ဘေးထွက်အန္တရာယ် အလွန်နည်းကြောင်း ဆရာဝန်တွေ ပြော

28-Jan-2021

မြန်မာနိုင်ငံတဝန်းရှိ ဆေးရုံဆေးခန်းတွေမှာ တာဝန်ကျနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အိန္ဒိယကလာတဲ့ Covishield ကိုဗစ် ၁၉ ကာကွယ်ဆေးတွေ မနေ့က စတင်ထိုးနှံခဲ့ရာမှာ စုစုပေါင်း ဝန်ထမ်း သုံးသောင်းကျော်ကို ထိုးနှံပေးနိုင်ခဲ့တယ်လို့ အစိုးရက ကြေညာပါတယ်။ ရန်ကုန်အနောက်ပိုင်းဆေးရုံက ဆရာဝန်ကြီးတဦးဖြစ်တဲ့ ပါမောက္ခဒေါ်နီလာသိန်းက ဘေးထွက်အန္တရာယ် ထူးထူးခြားခြား ဘာမှမရှိခဲ့ပါဘူးလို့ ပြောပါတယ်။

“ကျမတို့ဆေးရုံမှာ ဝန်ထမ်း ၄ဝ၅ ယောက်ရှိတယ်။ ဒီနေ့ ဆေးရုံအုပ်ကစပြီး professor တွေ၊ ဆရာမတွေရော သန့်ရှင်းရေးလုပ်သားတွေထိအောင် ၂ဝဝ ထိုးပေးတယ်။ မနက်ဖြန် ဒုတိယနေ့ ကျန်တဲ့သူ ဆက်ထိုးမယ်။ အရင်ဆုံး form ပေးတာပေါ့နော်။ အဲဒီဖောင်ကို ဖြည့်ရတယ် ရောဂါအခံ ဘာရှိသလဲ။ ဒီ ၁၄ ရက် အတွင်းမှာ ကာကွယ်ဆေး တခုခု ထိုးသလား။ ကိုဗစ်ရောဂါ ဖြစ်ဖူးသလား။ ဓာတ်မတည့်တဲ့ဆေးတွေ ဘာရှိသလဲ၊ မတည့်ဘူးဆိုရင် ဘာနဲ့မတည့်တာလဲ ပေါ့နော်။ အဲဒါတွေ ဖြည့်ပြီးပြီဆိုမှ အပူချိန် အရင်ဆုံးတိုင်းတယ်။ သွေးပေါင်ချိန်တိုင်းတယ်၊ သွေးတွင်းအောက်စီဂျင်တိုင်းတယ်။ ကျမကိုယ်တွေ့ကတော့ နာကျင်မှု လုံးဝမရှိဘူး။ ဆေးထိုးရင်ဖြစ်လာမယ့် နောက်ဆုံးတွဲပြဿနာက ဘာတွေဘာတွေလဲ။ ကျန်းမာရေးဝန်ထမ်းဆိုပေမယ့် စိုးရိမ်စိတ်ကတော့ အနည်းနဲ့အများ ရှိကြမှာပေါ့။ ခြုံပြောရမယ်ဆိုရင် ဒီနေ့ထိုးတဲ့လူတွေ အားလုံးထဲမှာ နာတယ်ဆိုတာ တယောက်မှ မရှိဘူးလေ”

ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်ကလည်း ကာကွယ်ဆေးထိုးပြီး သူတော့ဘာမှမဖြစ်ပါဘူး။ အခုအချိန်အထိ အလုပ်ဆက်လုပ်နေတယ်လို့ မနေ့ညဦးပိုင်းမှာ RFA ကို ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ ဒီနေ့ ၃၃၅ ယောက် ထိုးလိုက်တယ်။ ကျနော်က နံပါတ် (၁)၊ ကျနော် ပထမဆုံး စထိုးတယ်။ ကျနော်ဘာမှမဖြစ်ဘူး။ အေးအေးဆေးဆေးပါပဲ။ ကျနော် တနေ့လုံး အလုပ်လုပ်နေတာ ခုလဲ လုပ်တုန်းပဲ။ ဆေးထိုးပြီး နာရီဝက် ရှော့ခ်ဖြစ်တာတို့ ဘာတို့ ဖြစ်မှာစိုးလို့ ကျနော်တို့ စောင့်ကြည့်တယ်။ အဲဒီ နာရီဝက်အတွင်း ဘာမှမဖြစ်ဘူး။ ဆေးထိုးပြီး ဗြုန်းစားကြီး ထဖြစ်တဲ့ Reaction တော့ လောလောဆယ်မှာ ဘာမှမရှိဘူး”

ဆေးရုံတချို့မှာ မနေ့က ကာကွယ်ဆေးထိုးသူတချို့ ခေါင်းမူးခြင်း၊ အနီကွက်ထွက်ခြင်းနဲ့ သွေးပေါင်ချိန်ကျဆင်းခြင်းတွေ ဖြစ်ပွားခဲ့ပေမယ့်လည်း ပြင်းထန်ခြင်း မရှိဘူးလို့ သိရပါတယ်။

ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ကာကွယ်ဆေး ထိုးနှံပေးပြီးသူတိုင်းကို နာရီဝက်စောင့်ကြည့်ခဲ့ပြီး လိုအပ်တဲ့ လမ်းညွန်ချက်တွေလည်း ပေးထားကြောင်း၊ လာမယ့် ၂၉ ရက်နေ့မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ၊ ၃ဝ ရက်နေ့မှာတော့ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေကို ထိုးနှံပေးမှာဖြစ်ကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အများပြည်သူတွေကို စတင်ထိုးနှံမယ့် ဖေဖော်ဝါရီလ ၅ ရက်နေ့ကျမှ တခြားအစိုးရအဖွဲ့ဝင်တွေနဲ့ အတူ ထိုးနှံမှာဖြစ်ကြောင်း သူကပြောပါတယ်။ အခုအချိန်အထိ ဘေးထွက်အန္တရာယ် ပြင်းပြင်းထန်ထန် ခံစားရတဲ့ သတင်းမရှိပါဘူးလို့လည်း ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

“ကာကွယ်ဆေးထိုးပြီးနောက် နောက်ဆက်တွဲဖြစ်ရပ်တွေ ထူးထူးထွေထွေရှိတယ်တော့ သတင်းပေးပို့တာ မရှိပါဘူး။ ဒါပေမဲ့ ဒါတွေက ဆက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲ ဖြစ်ရပ်တွေ ဖြစ်ရင် အသိပေးဖို့ဆိုပြီး ဆက်သွယ်ရမယ့် နံပါတ်တွေ ပေးထားပါတယ်။ လက်ရှိ Covishield က အန္တရာယ်ကင်းတဲ့ ဆေးထဲမှာ ပါဝင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် Genetically engineering နည်းပညာနဲ့ ဒီဗိုင်းရပ်စ်ကို ဖန်တီးပြုလုပ်ထားပြီးတော့ ခန္ဓာကိုယ်ထဲကို ရောက်တော့မှ သူက ကိုယ်ခံအားစနစ်ကို တိုက်ထုတ်ပေးတာ ဖြစ်တဲ့အတွက် အားလိုတဲ့လူတွေအတွက် အားအကူ ယူရသလိုပေါ့နော်။ အဖိုးအဖွားတွေ လမ်းကောင်းစွာ ဖြောင့်တန်းစွာ လျှောက်နိုင်ဖို့ တောင်ဝှေးလိုသလိုပဲ အသက်ကြီးတဲ့သူတွေအနေနဲ့ ဒီ Covishield ကာကွယ်ဆေးက မဖြစ်မနေ လိုအပ်ပါတယ်။ ဖြစ်ပွားကူးစက်မှုများတဲ့ ဒေသမှာရှိတဲ့ အသက်ကြီးသူတွေကို ဦးစားပေးထိုးနှံမှာ ဖြစ်တဲ့အတွက် မိသားစုတွေအနေနဲ့ မိမိရဲ့ အမေ၊ အဖေ၊ အဖိုး၊ အဖွား အကျုံးဝင်သူတွေကို ကာကွယ်ဆေး ထိုးနှံပေးကြပါလို့ ကျမအနေနဲ့ တိုက်တွန်းလိုပါတယ်။ ကျန်တဲ့ သူတွေကတော့ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းရမှာဖြစ်ပါတယ်"

ဖိလစ်ပိုင်နိုင်ငံက ဖိုင်ဇာဗိုင်ရွန်တက်ဆေး၊ အင်ဒိုနီးရှားက တရုတ်ဆေး စသဖြင့် စတင်ထိုးနှံခဲ့ပြီး မြန်မာနိုင်ငံကတော့ ဗြိတိန်နိုင်ငံက Astrazeneca အက်စ်တရာဇနက်က ဆေးကို ထပ်ဆင့်ထုတ်ခွင့်ယူပြီး အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်တဲ့ Covishield ကိုဗစ်ရှီးလ်ကို ထိုးနိုင်ခဲ့တာဟာ အာဆီယံနိုင်ငံတွေထဲမှာ စောစောထိုးနိုင်တာဖြစ်လို့ အောင်မြင်မှု တရပ်ပါပဲလို့လည်း ဒေါက်တာခင်ခင်ကြီးက RFA ကို ပြောပါတယ်။

RFA Burmese